အမေပြန်လာမှ စက်ခေါင်းမောင်းမယ်ဆိုပေမယ့် မောင်းခွင့်မရတော့တဲ့သူ

မီးရထားစက်ခေါင်းမောင်းတစ်ဦးဖြစ်ဖို့ကို ဦးဝင်းကိုဦး အဆင့်ဆင့်ကြိုးစားခဲ့ရသည်။ ဒဿမတန်းအောင်ပြီး မြန်မာ့မီးရထားသို့ အလုပ်ဝင်သည့်အခါ တွဲပြင်ဌာန၊ လျှပ်စစ်ဌာနတွင် လုပ်သားအဆင့်က စတင်ရသည်။

ထိုမှတဆင့်စက်ခေါင်းဆေးအဖြစ်တာဝန်ထမ်းရပြီးနောက် မိတ္ထီလာဗဟိုပို့ဆောင်ဆက်သွယ်ရေး သင်တန်းကျောင်းတွင် သင်တန်းတက်ရပြီး ဆီခေါင်းအဆင့်သို့ရောက်ရခြင်းဖြစ်သည်။ နောက်တော့ မိတ္ထီလာဗဟိုပို့ဆောင်ဆက်သွယ်ရေး သင်တန်းကျောင်းတွင် ဒုတိယအကြိမ်သင်တန်းတက်ကာ စက်ခေါင်းပေါ်ခြေ စက်ခေါင်းပေါ်ခြေချခွင့်ရသည်။

ဒါတောင်မှ စက်ခေါင်းမောင်းမီးထိုးရာထူး၊ စက်ခေါင်းမောင်း (၄) အဆင့်ဖြစ်ကာ တွဲဆိုင်းဖွဲ့သည့် စက်ခေါင်းများသာမောင်းရသည်။ ထို့နောက် စက်ခေါင်းမောင်း (၃) ရာထူးသို့ရောက်လာပြီး ကုန်ရထားမောင်းနှင်ခွင့်ရသည်။ စက်ခေါင်းမောင်း (၂) ဖြစ်လျှင် လူနှင့်ကုန်ပါမီးရထားအားမောင်းနှင်ရကာ စက်ခေါင်းမောင်း (၁) ရောက်လျှင် လူစီးရထားမောင်းနှင်ခွင့်ရမည်ဖြစ်သည်။

စက်ခေါင်းမောင်းဘဝဖြင့် စက်ခေါင်းမျိုးစုံမောင်းနှင်ခဲ့ရသည်။ မြင်းကောင်ရေ ၁၃၀၀ ပါသလို မြင်းကောင်ရေ ၂၀၀၀ လည်းပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတော့ ပြည်သူအများကြမ္မာဆိုးဝင်ခဲ့သလို သူ့ဘဝလည်း လမ်းကြောင်းပြောင်းသွားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်တပ်က ရွေးကောက်ခံအစိုးရထံက အာဏာသိမ်းတာကို လက်မသင့်မခံနိုင်သည့်သူက နှစ်ပေါင်းသုံးဆယ်တည်ဆောက်ခဲ့သော ရပ်တည်မှုကိုစွန့်လွှတ်လိုက်သည်။ တနည်းအားဖြင့်ဆိုသော အကြမ်းမဖက်အံတုခြင်း Civil Disobidence Movement (CDM) လုပ်ခဲ့သည်။

ထို့နောက် မန္တလေး၏ ဈေးတွင် မုန့်ဖတ်ရောင်းခြင်း၊ ဆိုင်ကယ်တစ်စီးဖြင့် မုန့်ဖတ်လိုက်ပို့ခြင်းတို့လုပ်ကာ အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ စက်တင်ဘာ ၉ ရက်နေ့ကတော့ ဦးဝင်းကိုဦးနှင့် မိသားစုကို နောက်ထပ်ကြမ္မာဆိုးဝင်ခဲ့သည်။

မိသားစုနှင့် မိတ်ဆွေများအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းကာ ” အမေပြန်လာမှ စက်ခေါင်းမောင်းမယ်” ဟု မကြာခဏပြောတတ်သော အသက် ၅၁ နှစ်အရွယ် ဦးဝင်းကိုဦးမှာ မန္တလေးမြို့ (၁၂၈) လမ်း၊ (၅၈) လမ်းတွင် မနက်ပိုင်း မုန့်ဖက်သွားပို့စဉ် လူ ခုနှစ်ဦးပါသည့် လူတစ်စုမှ ဝိုင်းဝန်းရိုက်နှက်မှုပြုပြီး ဆိုင်ကယ်နှင့် ဖုန်းလုသွားကြသည်။

“အဖေက အဲ့ဒီနေ့မှာ မုန့်တီဖတ်ဖောက်သည်ပို့နေ့ကျဆီကို မနက်၅ နာရီကျော်လောက်သွားပို့တာ၊ အဲ့တာကို အရိုက်ခံလိုက်ရတာ၊ စစချင်းဘယ်သူမှမသိဘူး၊ မုန့်ဖတ်ယူနေကျသူက ရောက်မလာရောက်မလာနဲ့ သူတို့လမ်းအတိုင်းလာကြည့်မှ အဖေ့ကို သွေးအိုင်ထဲမှာလဲနေတာကို တွေ့ရတာ၊ ဒဏ်ရာတွေနဲ့လဲနေတာဆိုတော့ဘယ်သူမှ မထိမကိုင်ရဲကြဘူး” ဟု သားဖြစ်သူမှဖြစ်စဉ်အားပြောပြသည်။

အရိုက်ခံရမှုဖြစ်စဉ်အပြီး ၁ နာရီခန့်အကြာမှ အခင်းဖြစ်ရာသို့ မိသားစုဝင်များရောက်ရှိသွားကြခြင်းဖြစ်သည်။ ထို့နောက်ဦးခေါင်းနောက်ဘက်ခြမ်းကွဲသည့်ဒဏ်ရာ၊ ခြေထောက်နှင့် လက်မောင်းတွင် ရိုက်နှက်ဒဏ်ရာတို့ဖြင့်သတိလစ်နေသူ ဦးဝင်းကိုဦးအား မိသားစုဝင်များမှ ၅၈ လမ်းရှိ မင်္ဂလာပုဂ္ဂလိကဆေးရုံသို့ ပို့ဆောင်ကြသည်။

ထိုနေ့ညနေ ၃ နာရီအချိန်မှခွဲစိပ်ခန်းဝင်ရပြီး ၁၀ ရက် ဆေးရုံတက်နေရပြီး ဆေးရုံတက်နေစဉ်တောက်လျောက်လည်း သတိမေ့မြောနေခဲ့သည်။ သို့ဖြင့် စက်တင်ဘာလ ၁၉ ရက်တွင် အသက်ဆုံးပါးခဲ့ရသည်။

ကွယ်လွန်ချိန်တွင် အသက် ၅၀ ကျော် ဇနီးဖြစ်သူနှင့် တက္ကသိုလ်နောက်ဆုံးနှစ်သားတစ်ဦး၊ အိမ်ထောင်သည် သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။

“အဖေက CDM လုပ်ထားတော့ ဝန်ထမ်းအိမ်ယာက ဖယ်ပေးရတယ်၊ ကျွန်တော့အစ်မအိမ်မှာပဲပေါင်းပြီးနေကြတာ၊ အစ်မအမျိုးသားဘက်ကမုန့်ဟင်းခါးတို့ မုန့်တီတို့ ထဲထည့်တဲ့ မုန့်ဖတ်တွေလုပ်တဲ့လုပ်ငန်းရှိတယ်၊ အဲ့လုပ်ငန်းကို အိမ်မှာလုပ်ရင်း ဖောက်သည်ဆီလိုက်ပို့တယ်” ဟု သားဖြစ်သူက ပြောသည်။

” ကျွန်တော်မအားရင် အဖေကိုယ်တိုင်ရောင်းတာလဲရှိတယ်၊ သူကအပြင်ကိုထွက်တာကများတယ် သူ့ရဲဘော်တွေ(CDM ပြုလုပ်သူ မီးရထားဝန်ထမ်းများ) အတွက် ထောက်ပံ့ပေးနိုင်ဖို့ အလှူခံပေးတာတွေ ချိတ်ဆက်ပေးတာတွေလုပ်ပေးတယ်” ဟု သူက ဆက်ပြောသည်။

စက်ခေါင်းမောင်းစဉ်က သူ၏လစာမှာ ကျပ် ၂၀၀,၀၀၀ ဝန်းကျင်သာရှိသော်လည်း သားအဖနှစ်ယောက် တစ်ယောက်တလှည့်ဈေးတွင် မုန့်ဖတ်ရောင်းချမှုက တစ်နေ့တာ အသားတင်ဝင်ငွေ ကျပ်နှစ်သောင်းခန့်ဖြစ်သည်။

ဦးဝင်းကိုဦး၏ CDM က ဖေဖော်ဝါရီလ ၈ ရက်နေ့က စတင်ခဲ့သည်။ အောက်တိုဘာလအတွင်း အလုပ်ထုတ်ခံရသည့်အပြင် အစိုးရကို အကြည်ညိုပျက်စေမှု ၅၀၅ (က) ပါ စစ်ကောင်စီဘက်က တပ်ခဲ့သည်ဟု လုပ်ဖော်ကိုင်ဖက်များ၏ အပြောအရသိရသည်။

“စက်ခေါင်းမောင်းတွေထဲမှာတော့ သူကစိတ်ဓါတ်လည်းပြင်းထန်တယ်၊ အစောဆုံး CDM လုပ်ခဲ့သူလည်းဖြစ်တယ်၊ ခုကိစ္စက ဆိုင်ကယ်ယူချင်လို့ရိုက်တယ်ဆိုတာထက် လူဦးရေ ခြောက်ယောက်ကျော်လောက်က ဝိုင်းရိုက်ထားတာမျိုးဆိုတော့ တမင်လုပ်ကြံတဲ့ပုံစံမျိုးလို့ထင်တယ်ဗျာ၊ ခန္ဓာကိုယ်တစ်ခုလုံးရစရာကို မရှိပါဘူးဗျာ၊ သူ့လိုလူမျိုးဆုံးရှုံးရတာကတော့ အတိုင်းမသိဝမ်းနည်းကြေကွဲရပါတယ်ဗျာ” ဟု လုပ်ဖော်ကိုင်ဖက် စက်ခေါင်းမောင်းတစ်ဦးက ဆိုသည်။

မန္တလေးတွင် စက်ခေါင်းမောင်းနှင့် ဝန်ထမ်းပေါင်း ၃၁၉ ဦး ရှိပြီး ၂၈၅ဦးမှာ အလုပ်မှ နုတ်ထွက်ထားကြောင်းသိရသည်။

မြန်မာနိုင်ငံအဝှမ်း CDM လုပ်သည့်ဝန်ထမ်းများတွင် မီးရထားဌာနဘက်က အတော်ပင်အားကောင်းသလို အစောပိုင်းကာလ ဆန္ဒပြမှုများတွင်လည်း အားကောင်းသည်။ ရန်ကုန် အင်းစိန် ဒီဇယ်စက်ရုံတွင် ဝန်ထမ်း ၂၄၄ ယောက်ရှိရာက သုံးပုံနှစ်ပုံခန့် CDM ပြုလုပ်ခဲ့သည်။

ရထားဝန်ထမ်း ပြည်သူနှင့်အတူရပ်တည်သူများကို စစ်ကောင်စီကလည်း မညှာမတာတုံ့ပြန်ခဲ့သည်။ CDM လုပ်သည့်ဝန်ထမ်းများကို အလုပ်ထုတ်ပစ်သလို COVID-19 ကြောင့် ဝင်ငွေထိပါးမှုကိုသက်သာစေရန် အာဏာအသိမ်းခံရသည့် အရပ်သားအစိုးရက ထုတ်ချေးခဲ့သော အတိုးမဲ့ချေးငွေများကိုပြန်ဆပ်ရန်ပါ အမိန့်ထုတ်ခဲ့သည်။

“သူ့အတွက်တော့ဂုဏ်ယူရတာပေါ့ဗျာ၊ ဖြစ်ပြီးတဲ့ကိစ္စတွေလည်းပြီးပြီဆိုတော့ ထွေထွေထူးထူးမပြောချင်တော့ပါဘူး၊ လွတ်လပ်ရေးရသွားတာကို သူမမြင်လိုက်ရတာကိုတော့ ဝမ်းနည်းကြေကွဲရတာပေါ့ဗျာ၊ သူပြောပြောနေတဲ့ အမေပြန်လာမှ စက်ခေါင်းမောင်းမယ်ဆိုတာ ခုတော့သူမောင်းခွင့်မရတော့ဘူးပေါ့” ဟု သားဖြစ်သူက ပြောသည်။

ဦးဝင်းကိုဦး ရိုက်နှက်သေဆုံးသည့်ဖြစ်စဉ်နှင့်ပတ်သတ်ပြီး ရဲစခန်းမှလာရောက်စစ်ဆေးတာမရှိသေးကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၀ ရက်နေ့က ဦးဝင်းကိုဦး၏ ရုပ်အလောင်းအား တောင်အင်း မြောက်အင်းသုဿန်တွင် မီးသင်္ဂြိုဟ်ခဲ့သည်။

“ အစကတော့လူရင်းတွေနဲ့ပဲ အခြားအသိမပေးတော့ဘဲ နောက်ဆုံးခရီးကိုပို့ကြမယ်လုပ်တာ၊ ပြီးတော့အသိတွေဆိုတာကလည်း CDM တွေများတော့စစ်သားတွေရန်လည်းကြောက်ရသေးတယ်၊ သူကစိတ်ဓာတ်ပြင်းထန်တဲ့သူ ဆုံးဖြတ်ပြီးသားကို ဘယ်တော့မှနောက်မဆုတ်ဘူး၊ အချင်းချင်းကြားမှာလဲသိပ်ပြီးအကူအညီပေးတတ်တာ၊ ဒီလိုရုပ်တရက်ဖြစ်သွားတဲ့အတွက်တော့ စိတ်မကောင်းတော်တော်ဖြစ်ရတယ်ဗျာ” ဟု နာရေးလိုက်ပါသူတစ်ဦးက ပြောသည်။

ဝေယံမိုး – မဇ္စျိမ

  • Leave a Comment