ပုဂံရာဇဝင်ထဲက လူစွမ်းကောင်း (၃)ဦး နောက်ဆုံးမှာ ဘာဖြစ်သွားကြသလဲ ..?

ပုဂံထီးနန်းကို ကျန်စစ်သား ဆက်ခံပြီးတဲ့နောက် နေ့မှာဘဲ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးနှင့် ငထွေရူးတို့ ပုဂံကိုစွန့်ခွာပြီး ထွက်ပြေးရတယ်။

ဘာဖြစ်လို့လည်းဆိုတော့ မဏိစန္ဒာနှင့်ကျန်စစ်သား ကေ့စ်မှာ ဖော်ကောင် လုပ်ပေးကြလို့ဖြစ်ပါတယ်။

ငထွေရူး

အဲဒီအချိန်က တညင် လို့ခေါ်တဲ့ သန်လျှင်ကို ပြေးတယ်။ တညင်မှာ မွန်မတဦးနဲ့ ညားပြီးတဲ့နောက် ထန်းတောတွေ အောက်ဈေးနဲ့ လိုက်ဝယ်ပြီး ထန်းရည်တဲ ဖွင့်တယ်၊ ထန်းညက်ချက်တယ်။

ထန်းရည်ကို အပင်ပေါ်က မချခင် လက်ပံပွင့်စိမ်ပြီး အရသာထူးကဲအောင် လုပ်တဲ့အတွက် ငထွေရူးရဲ့ ဘုံဆိုင်ဟာ အတော်ဘဲ ရေပန်းစားပါသတဲ့။

ဟိုဒင်း ဟိုဟွာအတွက် တကယ်ကောင်းတဲ့ ဆေးတစ်ခွက်လို့ နာမည်ကြီးပါသတဲ့။

ပုရိသ ယောက်ကျားများသာမက မိန်းမများကပါ အားပေးကြပါသတဲ့။ ထန်းရည်တန်ခိုးနှင့် ရွာကြီး နှစ်ရွာပါထပ်တိုးလာပါသတဲ့။ အဲဒီရွာတွေက ခါးရမ်း ( ယနေ့ ခရမ်း ) နှင့် ကြုံးဟ ( ယနေ့ သုံးခွ) မြို့တွေဖြစ်ပါတယ်။

မြို့နာမည် အဓိပ္ပါယ်တွေကို ကျောက်စာ လှန်ဖတ်စရာမလိုပါဘူး။ တညင်ကနေ ကျောင်းပီးတဲ့ ဂျီတီအိုင် ကျောင်းသားတွေကိုသာ အင်တာဗျူးကြည့်လိုက်ပါ။

ငလုံးလက်ဖယ်

သူက ကုသိမ်လို့ ခေါ်တဲ့ ယနေ့ ပုသိမ် ဆိုတဲ့ ဆိပ်ကမ်းမြို့လေးကို ပြေးပါတယ်။ ဒါပေမယ့် အဲဒီမှာ စီးပွားပျက်ပြီး ဥသာဆိုတဲ့ အရပ်ကို ဒိုးပါတယ်။

မြေလည်းဆုံး၊ မယားလည်း ဆုံးတဲ့ ငလုံးလက်ဖယ်ဟာ ဥသာပဂိုး ရောက်တဲ့အခါ ဘာလုပ်ရမှန်း မသိတဲ့အတွက် လယ်ကွက်တွေထဲက ငါးရံ့တွေကိုဖမ်းပြီး တံငါသည် လုပ်ပါသတဲ့။

ဒါပေမယ့် တံငါသည် လက်ဖယ် ဆိုတဲ့ နာမည်သာ တွင်သွားတယ်၊ စီးပွားမတက်ဖူးတဲ့။ ဒါနဲ့ တစ်ရက် စိတ်တိုတိုနဲ့ သူ ဖမ်းထားတဲ့ ငါးရံ့တွေကို ဓားနဲ့ ခုတ်ပြီး တဲပေါ်ပစ်တင်လိုက်သတဲ့။

၃-၄ ရက်ကြာလို့ သတိရမှ ပြန်ယူကြည့်တော့ ငါးရံ့သားက ခြောက်သွေ့ပြီး ငါးအသားလည်း ကြည်နေတာ သတိထားမိပါသတဲ့။

ဒါနဲ့ မီးဖိုထဲ ပစ်ထည့်ပြီး စားကြည့်ရာကနေ ငါးရံ့ခြောက်ရဲ့ အရသာထူးကဲပုံကို မတော်တဆ တွေ့ရှိသွားပါသတဲ့။

ဥသာပဂိုးနယ်မှာ ငါးရံ့ခြောက် စ တာ အဲဒီငလုံးလက်ဖယ်ရဲ့ ကျေးဇူးဘဲ။

သူ့ရဲ့ ငါးရံ့ခြောက်ဟာ စစ်ထွက်တဲ့အခါ ရိက္ခာ ဖြစ်လာတယ်၊ ဘုန်းကြီးကျောင်း ကြက်သရေတိုက်ထဲ ထည့်လှူတဲ့ ရိက္ခာဖြစ်လာတယ်။

တညင်က သူ့မိတ်ဆွေရင်း ငထွေရူးရဲ့ ဘုံဆိုင်ကို လက်ဆောင်ပေးရာကနေ ငါးရံ့ခြောက်ဟာ အမြည်းဖြစ်လာတယ်။ ငါးရံ့ခြောက်လုပ်ငန်းနဲ့ ကြီးပွားသွားတဲ့ ငလုံးလက်ဖယ်ဟာ မယား ၃ယောက်ထပ်ယူပါသတဲ့။

တံငါလုပ်ငန်းနဲ့ ကြီးပွားရတာ အပြစ်ကြီးလှတယ် ကောင်းမှုကုသိုလ် လုပ်ချင်တယ် ဆိုပြီး တွေးမိရာက ဘုရား၃ ဆူတည်ပြီး လှူတယ်။

အဲဒီဘုရား သုံးဆူကို ထိမ်းသိမ်းဖို့ရာ မယားကြီး၊ မယားလတ်၊ မယားငယ် သုံးယောင်စလုံးကို တာဝန်ပေးပါသတဲ့။

အထောက်ထားအဖြစ် အဲဒီဘုရား ၃ ဆူ ဟာ ဒီနေ့ ပဂိုးတက္ကသိုလ် အနောက်ဖက် ကပ်ရက်မှာ ဒီနေ့ထိ ရှိပါသေးတယ်။

ညောင်ဦးဖီး

ရေကြိုက်တဲ့ ညောင်ဦးဖီးဟာ ပုဂံက ထွက်လာတော့ လူပျိုကြီး။ ငထွေရူးရဲ့ တညင် တလှည့် ငလုံးလက်ဖယ်ရဲ့ ကုသိမ် တလှည့် လိုက်နေတယ်။

ငလုံးလက်ဖယ် ကုသိမ်မှာ စီးပွားပျက်လို့ ပဂိုးပြောင်းသွားတော့ လိုက်မသွားဘဲ ပင်လယ်ကူး ကုန်သင်္ဘောပေါ်တက်ပြီး လှေသမားအဖြစ်လိုက်သွားရာက ကော့ဆောင် ဆိုတဲ့ ယနေ့ ကော့သောင်း နေရာကို ရောက်လာတယ်။

လှေလုပ်သား လုပ်ရတာ စိတ်မပါ၊ စီးပွားရေးလုပ်ဖို့လည်း စိတ်မပါ။ ဒါနဲ့ ရှိတဲ့ ငွေလေးနဲ့ လှေ တစ်စီးဝယ်။ ထားဝယ်တက်မယ် ဆိုပြီး တက်လာရာက ကော့ဆောင်နဲ့ နီးတဲ့ ကျွန်းနားမှာ ခဏဝင်နားရာက ရေချိုးနေတဲ့ ဆလုံမကို တွေ့တယ်။ ဗိုက်ဆာလို့ စားစရာတောင်းမိရော။

ဆလုံမကလည်း သူ့နားရှိတဲ့ သံပချုပ် ၃-၄ လုံးလောက် ကောက်ပြီး ကျွေးမိရာက ညောင်ဦးဖီးနှင့် ဆလုံမ ညားကြလေသတည်း။

တစ်သက်လုံး လူပျိုကြီး လုပ်လာတဲ့ ညောင်ဦးဖီးဟာ သံပချုပ်စာ မိသွားတယ်ပေါ့ဗျာ။ သူလည်း မယား ၃ ယောက်ယူတာမှာ အကုန်လုံး ဆလုံမတွေကြီးသာ ရွေးယူပါသတဲ့။

ဒီနေ့ ညောင်ဦးဖီးကျွန်းဆိုတာ ကော့သောင်းကနေ ရေမိုင် ၄၀ အကွာမှာ ရှိပါတယ်။ အပန်းဖြေဟိုတယ် အဖြစ် ဖွင့်လှစ်ထားပါသတဲ့။ လူပျိုးကြီးများ သံပချုပ်စားချင်ရင် ညောင်ဦးဖီးကျွန်းမှာ သွားအပန်းဖြေကြပါ။ ၏ကား စကားချပ်တည်း။
Credit

  • Leave a Comment