အောက်တိုဘာ ၂၊ The Nation Voice

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရေလှောင်တမံလေးဆယ်ကျော် ရေကျော်လွန်နေတဲ့အတွက် ဆည်တချို့ ရေဖောက်ချနေရတယ်လို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဒီနေ့အောက်တိုဘာလ ၂ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားတဲ့ ရေလှောင်တမံ ၂၄၆ခုအနက် ရေလှောင်တမံ ၄၇ခုဟာ စက်တင်ဘာ ၂၉ ရက်မှာ ကန်ရေပြည့် အမှတ် အထက်ကျော်လွန်ပြီး ရေပိုလွှဲမှရေကျော် စီးဆင်းခဲ့တယ်လို့ သိရပါတယ်။

ရေပိုလွှဲမှရေကျော် စီးဆင်းခဲ့တဲ့ ရေလှောင်တမံတွေဟာ ကရင်ပြည်နယ်မှာတစ်ခု၊ချင်းပြည်နယ်မှာသုံးခု၊စစ်ကိုင်းတိုင်းမှာနှစ်ခု၊ပဲခူးတိုင်းမှာ ၁၁ခု၊ မကွေးတိုင်းမှာ ၁၁ခု၊ မန္တလေးတိုင်းမှာ လေးခု၊ နေပြည်တော်မှာနှစ်ခု၊ မွန်ပြည်နယ်မှာနှစ်ခု၊ ရခိုင်ပြည်နယ်မှာတစ်ခု၊ ရန်ကုန်တိုင်းမှာသုံးခု၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာနှစ်ခု၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတစ်ခုနဲ့ ဧရာဝတီတိုင်းလေးခုဖြစ်ပြီးစုစုပေါင်း ၄၇ခုရေကျော်နေတာဖြစ်ပါတယ်။

အဆိုပါရေလှောင်တမံတွေဟာ ကြံ့ခိုင်မှုကောင်းမွန်သလို တာဝန်ကျဝန်ထမ်းတွေကိုလည်း ၂၄ နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ် စောင့်ကြည့်နေတဲ့အတွက် စိုးရိမ်စရာမရှိဘူး လို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်းအတွင်းမှာ ကင်းတားဆည် ရေထုတ်လွှတ်ထားတာဖြစ်လို့ မြစ်ချောင်းဘေး နေထိုင်သူတွေနဲ့ ကျေးရွာအုပ်စုတွေ အမြန်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အောက်တိုဘာ၁ရက်နေ့မှာ လိုက်လံအသိပေး ကြေညာပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကင်းတားဆည်ရေလှောင်တမံဟာ အောက်တိုဘာလ ၁ ရက်နေ့မှာ ဆည်ရေ ပြည့်အမှတ် ၆၇၇.၃၂ ပေကိုရောက်ရှိပြီး လက်ရှိမိုးရွာသွန်းမှုအခြေအနေကြောင့် ရေပိုလွှဲရေတံခါးကနေ ၁.၆၄ ပေ နှစ်ပေါက် ဖွင့်လှစ်ထားရှိရာမှ ရေထွက်ပေါက်လေးပေါက်အထိ ရေထပ်မံထုတ်လွှတ်ထားတယ်လို့ သိရပါတယ်။

ရေပိုလွှဲရေတံခါးမှ ၁.၆၄ပေ ရေထွက်ပေါက် လေးပေါက် ထပ်မံရေထုတ်လွှတ်နေမှာဖြစ်တာကြောင့် ပန်းလောင်းမြစ်ကမ်းဘေးကရွာတွေ ရေထပ်မံမြင့်တက်လာနိုင်တဲ့အတွက် ကုန်းမြင့်ရှိရာ ဒေသတွေဆီ ပြောင်းရွှေ့နေထိုင်ကြဖို့အတွက် အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။