▪︎​ဒေသတွင်အင်အားအ​တောင့်တင်းဆုံး ခလရ (၂၉၇)ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်
▪︎​၄ ရက်အတွင်း KIA က ချီ​ဖွေမြို့နှင့် ​ဆော့​လော်မြို့တိုကိုသိမ်းပိုက်

ဟန်နွေ၊လူ​အေး /People’s Spring

ကချင်ပြည်နယ် ဆော့လော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF)ပူးပေါင်းတပ်ကယနေ့(​အောက်တိုဘာ ၂) မနက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စက်တင်ဘာ ၂၉ရက်နှင့် ၃၀ရက်တွင် ချီဖွေမြို့ကို KIA/PDF ပူးပေါင်းတပ်က သိမ်းပိုက်ပြီးနောက် နှစ်ရက်အကြာ အောက်တိုဘာ ၂ရက်မနက်အစော
ပိုင်းတွင်ဆော့လောမြို့ကိုပါထပ်မံ သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်​ကြောင်းစစ်​ရေးရင်းမြစ် ၅ ဦးက​ပြောသည်။

“မြို့နယ်အဆင့် ဆော့လော်မြို့ သိမ်းတာပါ။ ရဲစခန်း ၊ ဌာနဆိုင်ရာ ရုံးတွေ၊ တပ်စခန်းတွေလည်းသိမ်းရပါတယ်။ နဂိုရ်ကတည်းက မြို့ကွက်ကွက်လေးနဲ့ တပ်ပဲ ကျန်ပါတယ်။

လမ်းကြော ဖြတ်တောက်ပိတ်ဆို့ထားတာ ၁နှစ်ကျော်ခန့်ရှိပါပြီ။တခါတလေရိက္ခာ ချပေးတာနဲ့ အသက်ဆက်နေကြတာပါ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆော့လော်မြို့ရှိ အမှတ် ၂၉၈ ​ခြေလျင်တပ်ရင်း(ခလရ-၂၉၈) တပ်စခန်း ကို အောက်တိုဘာ ၂ရက် မနက် ၇နာရီခွဲတွင် သိမ်းပိုက်ခဲ့ရာ လက်
နက်ခဲယမ်းနှင့် စစ်သုံ့ပမ်းများ ရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။ဆော့လော်မြို့သိမ်းပိုက်နိုင်ရေးအတွက် ၂ရက်ကြာ တိုက်ခိုက်ခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

အခြား သတင်းရင်းမြစ်တစ်ဦးကလည်း “ဟုတ်တယ် မြို့သိမ်းလိုက်ပြီ။ ကွန်ဖန်းတယ်။ ဒီနေ့မနက် ၆နာရီကနေ ၉နာရီ အကြားထဲမှာ အကုန်လုံးပြီးစီးသွားပြီ။ “ ဟု ဆော့လော်မြို့သိမ်းတိုက်ပွဲ အခြေအနေကို People’s Spring သို့ပြောသည်။

အခြားကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဆော်လော်မြို့ နှင့် အတူ စစ်ကောင်စီ တပ်စခန်း၊ ပြည်သူ့စစ်စခန်းအားလုံးကို ယနေ့မနက်တွင်သိမ်းပိုက်နိုင်ခဲံရာ ဆော့လော်ဒေသ တစ်ခုလုံး စစ်ကောင်စီ ကင်းစင်သွားပြီဟု ပြောသည်။

“ချီ‌ဖွေကို တိုက်ရင်းကနေ ဆော့်လော်ကိုပါ ထိုးစစ်ဆင်တာ။ ၂၉၈ကိုလည်း လွန်ခဲ့တဲ့ရက်ကတည်းက ပိတ်ဆို့တိုက်ခိုက်နေတာပါ။ လေကြောင်းရန်ကို အံတုပြီး ဒီမနက် ရပါပြီ” ဟုအခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်းပြောသည်။

အပြီးသတ်သိမ်းပိုက်လိုက်သည့်ခလရ(၂၉၈)သည် ဆော့လော်၊ ဖီမော်၊ပန်ဝါဒေသတို့တွင် အင်အားအများဆုံး စစ်ကောင်စီစခန်းဖြစ်သည်ဟု စစ်ရေးရင်းမြစ်ကပြောသည်။ စခန်းတိုက်ပွဲနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ People’s Spring ကဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

စက်တင်ဘာ ၂၉ရက်မှ စတင်ခဲ့သည့် ချီဖွေ၊ဆော့လော်မြို့သိမ်းတိုက်ပွဲတွင်အောက်တိုဘာ ၂ရက်နေ့အထိ ၄ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်စခန်း ၁၃ခု သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ချီဖွေ၊ရှငေါ်၊ ဆော့လော် စခန်းကြီးငယ် အားလုံးပေါင်း ၁၃ခုပါ” ဟု စစ်ရေးသတင်းရင်းမြစ်က ၄ရက်တာ စစ်ဆင်ရေးအတွင်း KIA ပူးပေါင်းတပ် သိမ်းပိုက်နိုင်ခဲ့သည့် တပ်စခန်း အရေအတွက်ကို ပြောပြသည်။

ဆော့လော်နှင့် ချီဖွေ တို့သည် ကချင်အထူးဒေသ(၁)နယ်မြေ၌ ပါဝင်သည့် ဒေသများဖြစ်ပြီး KIA ပူးပေါင်းတပ်က အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ KIA ပူးပေါင်းတပ်သည် ဇွန်လ ဒုတိယပတ်ကလည်း ဆဒုံးဗျူဟာအပါအဝင် ဆဒုံးဒေသ အတွင်းရှိ စစ်ကောင်စီတပ်စခန်း၊ ပြည်သူ့စစ်စခန်း၊ BGFတပ်စခန်းများကို တိုက်
ခိုက်သိမ်းပိုက်ထားသည်။ လက်ရှိတွင် ဦးစခုန်တိန့်ယိန်း လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များသည် ပန်ဝါမြို့နှင့် နယ်ခြားစောင့်တပ်၌ စုစည်းနေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

​ဆော့​လော်မြို့သည်ချီ​ဖွေမြို့ ၊ပန်ဝါမြို့၏ ​မြောက်ဘက် ၊ ​ခေါင်လန်ဘူးမြို့၏ ​တောင်ဘက် ၊ဆွမ်ပရာဘွမ်မြို့၏ အ​ရှေ့​မြောက်ဘက်၌ တည်ရှိပြီး တရုတ်နယ်စပ်ဖြင့်နီး​သောမြို့ဖြစ်သည်။

ဦးစခုန်တိန့်ယိန်းသည် ဇွန်လ ပထမပတ်တွင် KIAနှင့် PDFများကို တိုက်ခိုက်ချေမှုန်းရန် စစ်မိန့်ထုတ်ပြန်ပြီး ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များကို အမိန့်ပေးခဲ့သော်လည်း KIA၏ ထိုးစစ်တွင် အချိန်တိုအတွင်း ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

KIO/KIA ကဆော့လော်နှင့်ချီဖွေမြို့သိမ်းတိုက်ပွဲများ မစမီ စက်တင်ဘာ ဒုတိယပတ်တွင် ဦးဇခုန်တိန့်ယိန်းတပ်များက ပန်ဝါဒေသရှိ KIA တပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

နယ်ခြားစောင့်တပ်နှင့် စစ်ကောင်စီ တပ်များက KIA ပူးပေါင်းတပ်များကို ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။ စက်တင်ဘာ ၁၀ရက်တွင် KIO ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဦးဇခုန်တိန့်ယိန်း ဇွန်လ ၇ရက်ထုတ် စစ်မိန့်စာကို ပြန်လည်ဖော်ပြကာ “မထုတ်ပြန်သင့်သော စစ်မိန့်” ဟု မှတ်ချက်ပြုရေးသားခဲ့သည်။

ထိုသို့ မထုတ်ပြန်သင့်သော စစ်မိန့်ဟု ရေးသားပြီးနောက် စက်တင်ဘာလကုန်ပိုင်းတွင် KIA/KPDF ပူးပေါင်းတပ်များက ကချင်အထူးဒေသ(၁)နယ်မြေရှိ ချီဖွေ၊ ဆော့လောမြို့များကို အချိန်တိုအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

People’s Spring