“ကိုပိုင်ဖြိုးမင်းအပါအဝင် လူထုသပိတ်တိုက်ပွဲမှာ လှုပ်ရှားနေကြတဲ့ ရဲဘော်တွေ၊​အင်အားစုတွေ အားလုံးဟာ အပ်တိုတစ်ချောင်းတောင်မကိုင်ဘဲ ကျွန်တော်တို့တိုင်းပြည်မှာ ဆိတ်သုဥ်းနေတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက်၊ ဖက်ဒရယ်အရေးအတွက် ရဲရဲဝံ့ဝံ့ရွပ်ရွပ်ချွံချွံ လူထုတိုက်ပွဲ ကဏ္ဍကနေ တောက်လျှောက် ဦးစီးဦးဆောင်ပြု ဆောင်ရွက်နေကြတာဖြစ်ပါတယ်”
-AJAY ဦး​ဆောင်သူကိုနန်းလင်း

ရန်ကုန်မြို့၌ စစ်ကောင်စီကဧည့်စာရင်းအကြောင်းပြစစ်ဆေးကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု(AJAY)၏ ဦးဆောင်သူတဦးကို မတရားဖမ်းဆီးသွားကြောင်း ယင်းအဖွဲ့က အသိပေးထားသည်။

ယမန်နေ့(အောက်တိုဘာ ၉ ရက်)ညပိုင်းတွင် AJAY ၏ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ မတရားဖမ်းဆီးခံခဲ့ရပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

“ဧည့်စာရင်းအကြောင်းပြ၊ ဧည့်စာရင်းအယောင်ပြပြီးတော့မှ ကိုပိုင်ဖြိုးမင်းတို့ နေထိုင်တဲ့အိမ်ကို မတရားစီးနင်းတာ၊ မတရားဝင်ရောက်ဖမ်းဆီးတာလို့ ဒီလိုပဲ သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုပိုင်ဖြိုးမင်းအပါအဝင် လူထုသပိတ်တိုက်ပွဲမှာ လှုပ်ရှားနေကြတဲ့ ရဲဘော်တွေ၊​အင်အားစုတွေ အားလုံးဟာ အပ်တိုတစ်ချောင်းတောင်မကိုင်ဘဲ ကျွန်တော်တို့တိုင်းပြည်မှာ ဆိတ်သုဥ်းနေတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက်၊ ဖက်ဒရယ်အရေးအတွက် ရဲရဲဝံ့ဝံ့ရွပ်ရွပ်ချွံချွံ လူထုတိုက်ပွဲ ကဏ္ဍကနေ တောက်လျှောက် ဦးစီးဦးဆောင်ပြုဆောင်ရွက်နေကြတာဖြစ်ပါတယ်” ဟု AJAY ဦးဆောင်သူတစ်ဦး ကိုနန်းလင်းက ပြောသည်။

ကိုပိုင်ဖြိုးမင်း(ခ) ဒီရေသည် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများတွင် စဥ်ဆက်မပြတ် ဦးဆောင် ပါဝင်ခဲ့သူဖြစ်သောကြောင့် စစ်အာဏာရှင်လက်ပါးစေတို့မှ အသက်အန္တရာယ် ထိခိုက်စေသည်အထိ ညှင်းပန်းနှိပ်စက်မှုကို ခံရမည်ကို သပိတ်အင်အားစုများက အလွန်အမင်းစိုးရိမ်ကြောင်း ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအရှိန်အဟုန်မြှင့် လုပ်ဆောင်နေသလို စစ်ကောင်စီဘက်မှလည်း မတရားဖမ်းဆီးမှုများကို ယခင်ထက်လုပ်ဆောင်လျက်ရှိသည်။ ပြီးခဲ့သည့် လအတွင်းက ရန်ကုန်မြို့၌ ကုန်ဈေးနှုန်းကျဆင်းရေး နှင့် စစ်မှူထမ်းဥပဒေ ဆန့်ကျင်ရေး ဆန္ဒပြပွဲအပြီးတွင် သပိတ်ရဲဘော်လေးဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့၏နောက်ဆက်တွဲအနေဖြင့် ရဲဘော်များနေထိုင်သည့် အိမ်များကိုလည်း စီးနင်းမှုများပြုလုပ်ခဲ့သည်။

အောက်တိုဘာ ၉ ရက်နေ့ညပိုင်းတွင် ရန်ကုန် သာကေတမြို့နယ်ရှိ တိုက်ခန်းတစ်ခုကို စစ်ကောင်စီက အင်အာားသုံးဝင်ရောက်စီးနင်းခဲ့ပြီး ကိုပိုင်ဖြိုးမင်းကို မတရားဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ယနေ့(အောက်တိုဘာ ၁၀ရက်)နံနက်ပိုင်းတွင်လည်း ကိုပိုင်ဖြိုးမင်းနှင့်ဆက်စပ်သည်ဟု ယူဆရသည်ဆိုသော တောင်ဥက္ကလာပမြို့နယ် နေအိမ်ကိုလည်း စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ကြောင်း သပိတ်အင်အားစုများက ပြောသည်။

“စစ်ကောင်စီက ပါးစပ်ကနေသာ နိုင်ငံရေးနည်းအရတို့၊ ရွေးကောက်ပွဲတို့ကို တဖွဖွပြောပြီးတော့ လုပ်နေပေမယ့်လို့ တကယ်တမ်းကျတော့ ကျွန်တော်တို့တိုင်းပြည်မှာ လွတ်လပ်ခွင့်တို့ လုံခြုံမှုတို့ဆိုတာ တကယ့်ကို ဘယ်သူ့အတွက်မှ၊ တစ်ယောက်တစ်ဦးချင်းစီအတွက်မှ ရှိမနေတဲ့ အခြေအနေဖြစ်တယ်။ ဘာနိုင်ငံရေးလှုပ်ရှားမှုမှ လှုပ်ရှားလို့မရအောင် ပြင်းပြင်းထန်ထန် လူငယ်တွေနဲ့ ပြည်သူလူထုကို ချေမှုန်းဖိနှိပ်နေတာ သူတို့တောက်လျှောက်လုပ်လာတဲ့အလုပ်ပဲဖြစ်ပါတယ်”ဟု ကိုနန်းလင်းက ပြောသည်။

ဆက်လက်ပြီး “ကိုပိုင်ဖြိုးမင်းအပါအဝင် ဖမ်းဆီးခံရတဲ့ ရဲဘော်တွေ၊ ရှေ့မှာဆိုလည်း ကိုဖိုးသားတို့ အဖမ်းခံရတယ်။ ဒီရဲဘော်တွေဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ လွတ်လပ်ရေး၊ ကျွန်တော်တို့ ပြည်သူတွေရဲ့ လွတ်မြောက်ရေး၊ ကျွန်တော်တို့ပြည်သူတွေရဲ့ အခွင့်အရေးတွေအတွက် လမ်းမထက်ကနေ ဒို့အရေးကြွေးကြော်ပြီးမှ​ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေ ဖြစ်ပါတယ်။ ဒါက ဘယ်ဥပဒေကိုမှ ချိုးဖောက်မနေဘူး။ ဒါက ကျွန်တော်တို့ အခွင့်အရေးသာဖြစ်တယ်။ ဒီအခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်။ ကျွန်တော်တို့ ယုံကြည်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်နိုင်ဖို့၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ဖို့အတွက် ကျွန်တော်တို့က လမ်းပေါ်ကနေ တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေ ဖြစ်ပါတယ်။ ဒီရဲဘော်တွေ မတရားဖမ်းဆီးခံရတာကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒီရဲဘော်တွေရဲ့အသက်အန္တရာယ်ကို အင်မတန်စိုးရိမ်ပါတယ်” ဟု ၎င်းက ပြောသည်။

မတရားဖမ်းဆီးခံရသည့် ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ၊ ကိုဇော်လင်းထွဋ် (ခ)ဖိုးသား၊ ကိုအောင်မင်းခိုင် (ခ)မဲကြီးနှင့် မမြမဉ္ဇူ တို့အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသား ရဲဘော်များအတွက် နိုင်ငံတကာ အသိုက်အဝန်းအင်အားစုများနှင့် တော်လှန်ရေး အင်အားစုများ၊ သပိတ်အဖွဲ့များ အနေဖြင့်လည်း စစ်ကောင်စီမှ ရဲဘော်များ လူမဆန်စွာ နှိပ်စက်ညှဥ်းပန်း၍ အသက်အန္တရာယ်ကို အလွယ်တကူ ရယူသွားနိုင်ခြင်းမရှိစေရန် အတွက် ဝိုင်းဝန်း ပူးပေါင်းဖိအားပေးကြရန် AJAY က တောင်းဆိုထားသည်။

လူထုသပိတ်အင်အားစုများသည် မတရားဖမ်းဆီးခံထားရသောသူများအတွက် ပိုမိုကြိုးပမ်း၍ စစ်အာဏာရှင်စနစ်ပျက်သုဥ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရက်တစ် လူ့ဘောင်ဖော်ဆောင်ရေးတို့ အတွက် ပိုမိုကာ မဆုတ်မနစ် ကြိုးပမ်းသွားမည်ဟု ကတိပြုသည်။

အီယိုရီ ၊သတိုး / People’s Spring