ရန်ကုန်၊ အောက်တိုဘာ ၁၅

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင်အထူးဒေသ ၁ ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့ကို အဓိက ကာကွယ်ထားသည့် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်စန်းနှင့်အတူ တပ်စခန်း စုစုပေါင်း ၄ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ထပ်မံ တိုက်ခိုက် သိမ်းပိုက်ရရှိကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ နှင့်အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန် လုပြည် အမှတ် ၁၀၀၂ ပင်မစခန်းကြီးနှင့် ကာကင်းစခန်း ၃ ခု စုစုပေါင်း တပ်စခန်း ၄ ခုစလုံးကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် ထပ်မံ သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

လတ်တလော သတင်းများအရ အမှတ် ၁၀၀၂ BGF တပ်စခန်းမှ ထိပ်ပိုင်းတာဝန်ရှိသူတချို့ တရုတ်ပြည်ဘက်သို့ ထွက်ပြေးသွားပြီဟု သိရှိထားသော်လည်း အတိအကျကို အတည်ပြုရန် ခက်ခဲကြောင်း၊ လက်ရှိတွင် နယ်မြေရှင်းလင်းရေးများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

ပန်ဝါမြို့တွင် ဇခုန်တန့်ယိန်း ဦးဆောင်သော စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ဌာနချုပ်နှင့် ကချင်အထူးဒေသ ၁ ဌာနချုပ်တည်ရှိနေရာ အမှတ် ၁၀၀၂ BGF ဗျူဟာတပ်စန်းသည် ပန်ဝါမြို့ကို ကာကွယ်ထားသော စခန်းဖြစ်ရာ စစ်အရေးအရ အလွန်အရေးပါသည်ဟု စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။

ဇခုန်တန့်ယိန်း ထိန်းချုပ်ထားသော ချီဖွေမြို့ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်းကောင်း၊ ဆော့လော်မြို့ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကောင်း KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် ပန်ဝါမြို့ဘက်သို့ ဦးတည် ထိုးစစ်ဆင်လာနေခြင်းဖြစ်ကြောင်း သိရှိရသည်။ ဦးဇခုန်တန့်ယိန်း ဦးဆောင်သော ကချင် ပြည်နယ်အထူးဒေသ ၁ တွင် ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ကန်ပိုက်တည်ဒေသတို့ ပါဝင်ကြောင်း သိရှိရသည်။

KIA ပူးပေါင်းတပ်များက အောက်တိုဘာ ၃ရက်တွင် ချီဖွေ-ပန်ဝါလမ်းပေါ်ရှိ ၁၁ မိုင် BGF စခန်းကိုလည်းကောင်း၊ အောက်တို ဘာ ၄ရက်တွင် ပန်ဝါသွားလမ်းပေါ်ရှိ လန်းဂျော်စစ်ကောင်စီ ယာယီ စခန်းကိုလည်းကောင်း သိမ်းပိုက်ခဲ့ပြီးနောက် အမှတ် ၁၀၀၂ ဗျူဟာတပ်ရင်းဌာနချုပ်ကို အောက်တို ဘာလ ၁၄ ရက်နေ့တွင် သိမ်းပိုက်ရရှိခြင်းဖြစ်သည်။

စစ်ကောင်စီဘက်တော်သား ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင်အထူးဒေသ ၁ အတွင်းရှိ ဆဒုံး၊ ဆော့လော်၊ ချီဖွေမြို့များကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည့်အပြင် လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများအားလုံးကိုလည်း ထိန်းချုပ်ထားကြောင်း သိရှိရသည်။ အဆိုပါဒေသများသည် မြေရှားသတ္တုကို အဓိက ထုတ်လုပ်နေသော ဒေသများအဖြစ် လူသိများ ထင်ရှားသည်။