ရန်ကုန်၊ အောက်တိုဘာ ၁၅

 

လက်နက်ကိုင် တောင်းဆိုမှုများကို လိုက်လျောဖြေရှင်းပေးရန် မရှိဘဲ စစ်ကောင်စီက နိုင်ငံတစ်ဝန်း နှိမ်နင်းရေး ဆက်လုပ်မည်ဖြစ်၍ ပြည်သူများ သတိပြုကြရန် အကြမ်းဖက် မင်းအောင်လှိုင်က သတိပေးပြောဆိုသည်။

ယနေ့ ကျရောက်သည့် NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ၉ နှစ်ပြည့်နှစ်ပတ်လည်အတွက် အထိမ်းအမှတ်အဖြစ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်တပ်အနေဖြင့် နှိမ်နင်းရေးအတွက် လုပ်သင့် လုပ်ထိုက်တာများ ထပ်မံဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် သတိပြုကြရန် အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသွားသည်။

” တပ်မတော်အနေနဲ့ အကြမ်းဖက် သောင်းကျန်းသူတွေကို နှိမ် နင်းဖို့လိုအပ်တဲ့ လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်တာတွေကို ထပ်မံဆောင် ရွက်မှာဖြစ်တာကြောင့် ပြည်သူများအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ အသုံးချမှုမခံရအောင် သတိပြုကြဖို့ကိုလည်း ကျွန်တော့်အနေနဲ့ ထပ်မံအသိပေးပြောကြားလိုပါတယ်” ဟု မင်းအောင်လှိုင်က ဆိုသည်။

လက်ရှိတွင် NCA လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင်များ က ကတိကဝတ်ကို ဖောက်ဖျက်ပြီး NUG ၊ CRPH တို့ကို ထောက်ခံအားပေးပြီး PDF များကို ထောက်ပံ့မှု မျိုးစုံပေးနေကြောင်း၊ MNDAA ၊ TNLA နှင့် AA တို့ လုပ်ဆောင်ချက်များကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနေကြောင်း ၊ တိုင်းရင်းသားလက်နက်ကိုင်များက ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းဖြင့် ပြည်ထောင်စု အတူတကွ တည်ဆောက်ရေးထက် တစ်သီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာကြကြောင်း ၎င်းက ဆိုသည်။

“လက်နက်ကိုင်တိုက်ခိုက်မှုများဟာ နိုင်ငံရေးကိုအကြောင်းပြပြီး လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေကြခြင်းသာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ဖို့ထက် တစ်သီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာကြတာကို တွေ့ရှိရပါတယ်။ ကျွန်တော့်အနေနဲ့ လက်နက်ကိုင် အကြမ်းဖက်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်” ဟု အကြမ်းဖက်မင်းအောင်လှိုင်က ဆိုသည်။

မြန်မာပြည်သူလူထုသည် ပြီးခဲ့သည့် ဒီမိုကရေစီအစိုးရ အုပ်ချုပ်စဉ် ကာလတွင် ဒီမိုရေစီယဉ်ကျေးမှုနှင့် အနှစ်သာရကို အလှမ်းဝေးနေဆဲဖြစ်သည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီ အစိုးရ(NLD အစိုးရ) သက်တမ်းတွင် တိုင်းတစ်ပါးအပေါ် ယုံကြည်ကိုးစားမှု လွန်ကဲသဖြင့် တိုင်းပြည်ဘဏ္ဍာဆုံးရှုံးပြီး ပြည်တွင်းရေး လျှို့ဝှက်ချက်များ အလွယ်တကူပေါက်ကြားခဲ့ကြောင်း အကြမ်း ဖက် မင်းအောင်လှိုင်ကဆိုသည်။

“ပြီးခဲ့တဲ့ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီအစိုးရ အုပ်ချုပ်တဲ့ကာလများမှာ ပြည်သူလူထုအများစုဟာ ဒီမိုကရေစီအနှစ်သာရအပြင် ဒီမိုကရေစီယဉ်ကျေးမှုများနဲ့ အလှမ်းဝေးနေဆဲဖြစ်ခဲ့တာ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီအစိုးရ သက်တမ်းကာလမှာ တစ်ခါတုန်းက မြန်မာ့သမိုင်းထဲကလို တိုင်းတစ်ပါးသားများအပေါ် ယုံကြည်ကိုးစားမှု လွန်ကဲခြင်းတွေကြောင့် တိုင်းပြည်ဘဏ္ဍာတွေဆုံးရှုံးခဲ့ရသလို မဖြစ်မနေထိန်းသိမ်းရမယ့် ပြည်တွင်းရေးလျှို့ဝှက်ချက်တွေကိုလည်း အလွယ်တကူ ပေါက်ကြားစေခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို ထမ်းဆောင် ခွင့်ရခဲ့ကြတဲ့ အစိုးရအာဏာပိုင်တွေကအစ ဒီမိုကရေစီကျင့်စဉ်ကို လွဲမှားစွာကျင့်သုံးခဲ့ကြပါတယ်”ဟု အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများက မြှောက်ထိုးပံ့ပိုးမှုများ လုပ်၍ နိုင်ငံကို ဖျက်ဆီးနေကြောင်း၊ ပြည်ပရောက် နိုင်ငံသားများသည် သစ္စာမဲ့၊ အသိဉာဏ်နည်းသူများ ဖြစ်ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်က ပြောဆိုသည်။

“ကိုယ့်နိုင်ငံကို သစ္စာမဲ့၊ အသိဉာဏ်အားနည်းတဲ့ ကိုယ်နိုင်ငံသားများကသာ ပြည် ပက မြှောက်ထိုးပံ့ပိုးမှုများနဲ့ ဖျက်ဆီးနေခြင်းဖြစ်ပါတယ်။ ” ဟု အကြမ်း ဖက်မင်းအောင်လှိုင်က ပြောဆိုသည်။