သီပေါတိုက်ပွဲ ဟောင်ဝစ်ဇာအပါအဝင်လက်နက်မျိုးစုံ ၁၇၀ကျော်ရဟု TNLA အသိပေး

▪️စစ်ကောင်စီ၏ အရပ်ဘက်ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၃ဦး သေဆုံး၊ ၈၀ ဒဏ်ရာရ

(သီပေါမြို့တိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် TNLA ရဲဘော်များ။ ဓာတ်ပုံ – TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ(၂၃)ကို

အောက်တိုဘာ ၁၃ ရက်တွင် သိမ်းနိုင်ခဲ့ပြီး မြို့နယ်တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်နိုင်ပြီး တိုက်ပွဲအတွင်း ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်ကြီး၊ငယ်မျိုးစုံ ၁၇၀ကျော်ရရှိခဲ့ဟု တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။

သီပေါမြို့နယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော် TNLA မှ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) အတွင်း ဇူလိုင် ၂၀ ရက်မှ စတင်တိုက်ခိုက်ခဲ့ရာ (၂)လကျော်အကြာတွင် စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ (၅၀၃)၊ ခမရ(၅၀၄)နှင့် ခလရ(၂၃)တပ်စခန်း၊ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။

သီပေါမြို့သည် ပဉ္စမမြောက်အလုံးစုံထိန်းချုပ်နိုင်ခဲ့သည့် မြို့ဖြစ်ကြောင်း TNLA က ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်သည့် ဇွန်လ ၂၅ရက်မှ အောက်တိုဘာ ၁၃ရက်အတွင်း နောင်ချိုမြို့၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့တို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်ဟုလည်း TNLAက အသိပေးသည်။

တိုက်ပွဲကာလအတွင်း ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM (၇)လက်၊ 81 MM (၁)လက်၊ RPG (၂)လက်၊ စက်လက် (၉)လက် စုစုပေါင်း လက်နက်မျိုးစုံ ၁၇၄ လက်ထက်မနည်း သိမ်းရခဲ့ဟု အသိပေးသည်။
ထို့အပြင် မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိပြီးဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီ၏ သီပေါမြို့တပ်စခန်းကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက်ဦးတည်တိုက်ခိုက်မှုကြောင့် သီပေါမြို့ ဒေသခံ ၃၃ဦး သေဆုံးပြီး ၈၀ဦး ဒဏ်ရာရကာ စာသင်ကျောင်း(၂)ကျောင်းနှင့် လူနေအိမ် (၄၇)လုံး လေယာဉ်ဗုံးစ ထိမှန် မီးလောင်ပျက်စီးသွားခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီတပ်၏ အဓမ္မသွတ်သွင်းခြင်းခံရပြီး စစ်မှုတာဝန်ထမ်းဆောင်နေကြရသည့် ရဲမေ (၇၈)ဉီးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး တပ်မိသားစုဝင်များနှင့်အတူ လူသားခြင်းစာနာထောက်ထားသောအားဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဖော်ပြသည်။ TNLA အနေဖြင့် ခမရ(၅၀၄)နှင့် ခမရ(၅၀၃)မှ တပ်မိသားစုဝင် ၁၉၀ ကျော်ကို လူသားချင်းစာနာမှုအရ အောက်တိုဘာ၁၂ရက်တွင် လွှတ်ပေးခဲ့ဟု ယမန်နေ့က ထုတ်ပြန်ထားသည်။

ထားမြတ်/People’s Spring

ပန်ဝါ BGF တပ်ရင်း KIA သိမ်းပိုက်မှု လက်နက်မျိုးစုံ အလက် ၁၀၀ကျော်ရ

(အမှတ် ၁၀၀၂ နယ်ခြား​စောင့်တပ် ကို KIA သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့)

▪︎စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များသေဆုံးပြီး စစ်သုံ့ပမ်း အချို့ ဖမ်းမိ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့လုံခြုံရေးအတွက် အရေးကြီးသည့် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) -၁၀၀၂ တပ်ဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်

(KIA) က ယနေ့(​အောက်တိုဘာ ၁၅) အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းမျိုးစုံ အလက် ၁၀၀ ကျော်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြသသည့် ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။

ပန်ဝါဒေသ အမှတ်(၁၀၀၂) နယ်ခြားစောင့်တပ်ရင်း သိမ်းပိုက်မှုနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု ရုပ်သံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးနေမှု၊ သိမ်းရသည့် လက်နက်ခဲယမ်းများအား စုစည်းပြသထားပြီး စစ်သုံ့ပမ်း အချို့ဖမ်းမိခဲ့သည်ကိုလည်း ရုပ်သံ၌ တွေ့သည်။

လက်နက်များကို ရေတွက်ရှိရာ ပထမ ရုပ်သံတွင် လက်နက် ကြီးငယ် အလက် ၁၀၀ ခန့်နှင့် ဒုတိယရုပ်သံတွင် လက်နက်ငယ် ၁၂လက် ကို တွေ့ရသည်။ထို့ပြင်ခဲယမ်းကျည်များ သိမ်းပိုက်ရရှိခဲ့သည်ကိုလည်းတွေ့ရသည်။

KIA အနေဖြင့် ၁၀၀၂ တပ်ရင်း ပင်မစခန်းနေရာ အပါအဝင် စခန်း ၄နေရာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြထားသည်။

အဆိုပါ တပ်စခန်းကို ယနေ့ အောက်တိုဘာ ၁၅ရက် နေ့လည်ပိုင်းတွင် အပြီးသတ် ရှင်းလင်း လိုက်ပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လည်း အတည်ပြုထားသည်။

“အခုတော့ အဲဒီဘက်မှာ နေရာယူပြီးတော့ လုံခြုံရေးပြန်ချနေပါတယ်။ နယ်မြေရှင်းလင်းရေးတွေလုပ်နေပါတယ်။ လုပီစခန်းကတော့ ပန်ဝါမြို့နဲ့ ၁၀မိုင်လောက် ဝေးတယ်လို့ ပြောပါတယ်။ဗျူဟာကနေ ပြန်ပြောမယ်ဆိုရင် ပန်ဝါရဲ့ လုံခြုံရေး ယူထားတဲ့ အဓိက စခန်းကြီးတစ်ခု ဖြစ်တယ်လို့ ကြားပါတယ်။ နောက် ကျနော်တို့ တပ်မဟာ(၇)ဘက်ကို သွားတဲ့လမ်းမှာ တည်ရှိထားတယ်ဆိုတော့ သွားရေးလာရေးကိုလည်း စစ်ဆေးပြီးမှ အနှောက်အယှက်ပေးတဲ့ စစ်တပ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် အင်မတန်မှ အရေးကြီးတဲ့ တပ်ရင်းဌာနချုပ်တစ်ခုကိုတော့ ဒီနေ့ ၁၂နာရီ မိနစ် ၄၀ လောက်မှာ အကုန်လုံးရှင်းပစ်လိုက်တာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက People’s Springသို့ ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ BGF (၁၀၀၂)တပ်ဌာနချုပ် ကျပြီဖြစ်၍ ပန်ဝါအခြေစိုက် စစ်ကောင်စီ ဗျူဟာ၊ ခလရ(၂၉)၊ BGF (၁၀၀၁) ၊ (၁၀၀၃)
နှင့် ပြည်သူ့စစ်အင်အားများသာ ကျန်တော့သည်ဟု စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။

ဟန်နွေ/People’s Spring