တာမွေ၊ ဗျိုင်းရွာမ ရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်မောင်က လူငယ်များ စစ်မှုမထမ်းလိုလျှင် ငွေကျပ် သိန်း ၄၀ ပေးရမည်ဟု တောင်းခံ၊ တောင်ငူနှင့်အုတ်တွင်းစစ်ဆေးရေးဂိတ်များတွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံနေရ
ရန်ကုန်၊ အောက်တိုဘာ ၁၆

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်မောင်က စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များအနေဖြင့် စစ်မှုမထမ်းလိုဘဲယာယီ ရွှေ့ဆိုင်းလိုခြင်း၊ ရှောင်ရှားလိုပါက လူငယ် ၁ ဦးလျှင်ငွေကျပ် သိန်း ၄၀ ပေးရမည်ဟု တောင်းခံလာကြောင်း တာမွေမြို့နယ် အတွင်းမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

တာမွေမြို့နယ်အတွက် လစဉ် စစ်မှုထမ်းရမည့် လူငယ်များစာရင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အဓိက ကိုင်တွယ်ပြီး စာရင်းများ ထုတ်ပေးနေကြရကြောင်း၊ ထို့ကြောင့် ဗျိုင်းရွာမရပ်ကွက်အတွင်းမှ လူငယ်များအနေဖြင့် စစ်မှုမထမ်းလိုပါ ငွေကျပ် သိန်း ၄၀ ပေးရမည်ဖြစ်ကြောင်း၊ အကယ်၍ မပေးလိုလျှင် စစ်မှုထမ်းရမည့် လူငယ်စာရင်းသည် ၎င်း၏ လက်ထဲတွင်သာ ရှိပြီး ၎င်းစိတ်ကြိုက် မည်သူ့ကိုမဆို စစ်မှုထမ်းစာရင်း ထည့်သွင်းနိုင်သည်ဟု ဗျိုင်းရွာမ ရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်မောင်က ပြောဆိုကြောင်း သိရှီရသည်။

“လူငယ်တွေ စစ်မှုထမ်းရမယ့် ကိစ္စမှာ စစ်ရှောင်ချင်ရင် သိန်း ၄၀ ပေးရမယ်။ မဟုတ်ရင် သူ့လက်ထဲမှာ ဘာမဆို လုပ်လို့ရတယ်ဆိုပြီး လူငယ်တွေနဲ့ မိဘတွေကို ခြိမ်းခြောက်တယ်။ စစ်မှုထမ်းစာရင်းဆိုတာ သူတို့က အဓိက လုပ်ပေးရတာဖြစ်လို့ မပေးရင်လည်း စာရင်းထည့်ရုံပဲဆိုပြီး ပြောတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဗျိုင်းရွာမရပ်ကွက်အတွင်း အိမ်ရှင်-အိမ်ငှား စာချုပ်ချုပ်ဆိုလျှင် စာချုပ်တစ်ခုအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်မောင်ကို ငွေကျပ် ၂၀၀၀၀ ကျပ်၊ အိမ်နှင့်တိုက်ခန်းအရောင်းအဝယ်ဆိုလျှင် တန်ဖိုးကို လိုက်၍ အနည်းဆုံးငွေကျပ် ၂ သိန်းမှ စ၍ တောင်းခံနေကြောင်း၊ ဧည့်စာရင်းတိုင်ကြားလျှင်လည်း ငွေကြေးများ အဆမတန်ကောက်ခံနေကြောင်း သိရှိရသည်။

” အိမ်ရှင်-အိမ်ငှား စာချုပ်ချုပ်မယ်ဆိုရင် ငွေ နှစ်သောင်းတောင်းတယ်။ အိမ်နဲ့တိုက်ခန်းအရောင်းအဝယ်ဆိုရင် ၂ သိန်းတောင်းတယ်။ တန်ဖိုးများရင် များသလို ပိုတောင်းတယ်။ ဧည့်စာရင်းကတော့ အမြဲတိုင်ရတိုင်း အလှူခံပုံးထဲကို ငွေထည့်ခိုင်းတယ်။ အဲဒါလည်း ထောင်ဂဏန်းအနည်းဆုံးထည့်ခိုင်းတာ” ဟု တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ အုတ်တွင်းနှင့် တောင်ငူမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင် ခရီးသွားလာနေသည့် လူငယ်များကို မှတ်ပုံတင်စစ်ဆေး၍ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ ၊ ငွေကြေးခြိမ်းခြောက်တောင်းခံမှုများ ဖြစ်ပွားနေကြောင်း သိရှိရသည်။

“အုတ်တွင်းဂိတ်နဲ့ တောင်ငူမှာဆိုရင် ကံပေါက်ကြီးဂိတ်မှာ လူငယ်တွေ အဖမ်းခံရတယ်။ အုတ်တွင်းဂိတ်မှာဆိုရင် တစ်နေ့ကို လူငယ် ၈ ဦးလောက် ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်။ အဲဒါ စစ်ထဲမပါချင်ရင် လူငယ် ၁ ဦးကို ၆၅ သိန်းနဲ့ ပြန်ရွေးခိုင်းတယ်။

အမျိုးသမီးတွေဆိုရင် သူတို့ မိုဘိုင်းလ်ဖုန်းတွေကို သိမ်းတယ်။ စစ်ဆေးစရာရှိလို့ဆိုပြီး။ ညနေကျတော့ ဖုန်းတွေကို တစ်လုံးကို ၂ သိန်းကနေ ၄ သိန်းအထိ ဖုန်းကောင်းရင် ကောင်းသလို စစ်တပ်က ငွေတောင်းပြီး ဖုန်းတွေ ပြန်ပေးတယ်။ တကယ့်ကို ဓားပြတွေလိုဖြစ်နေတယ်” ဟု အုတ်တွင်းမှ နယ်မြေခံ ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- တာမွေမြို့နယ်အတွင်း သွားလာနေသော အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)