ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ အောက်တိုဘာလ ၁၃ ရက်က သန်းခေါင်စာရင်းလိုက်လံကောက်ယူချိန် လမ်းသွားလမ်းလာ အမျိုးသား အစစ်မခံဘဲ ထွက်ပြေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဲဒီဖြစ်စဉ်က ပြည်ကြီးတံခွန်မြို့နယ် ၊ သင်ပန်းကုန်းရပ်ကွက် ၊ ၅၅ လမ်း ၊ ၁၂၃ လမ်းနဲ့ ၁၂၄ လမ်းကြားမှာ အောက်တိုဘာလ ၁၃ ရက် မနက်ပိုင်း ၁၁ နာရီဝန်းကျင်က ဖြစ်ပွားတာပါ။

သန်းခေါင်စာရင်းကောက်ယူတဲ့အဖွဲ့ကို လုံခြုံရေး လိုက်ယူပေး တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်က ပစ်ခတ်တာလို့ သင်ပန်းကုန်းရပ်ကွက်ဒေသခံတစ်ဦးက ပြောပါတယ်။
” လမ်းပေါ်သွားနေတဲ့သူကို စစ်တာ ၊ ဟိုကလည်းကြောက်ကြောက်နဲ့ထွက်ပြေးတာ လမ်းနှစ်ပြလောက်ထိကို သေနတ်နဲ့လိုက်ပစ်တာ” လို့ အဲဒီဒေသခံက ဆိုပါတယ်။

ပစ်ခတ်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ သန်းခေါင်စာရင်း ကောက်ယူတဲ့အဖွဲ့ တစ်အိမ်ဝင် တစ်အိမ်ထွက် စာရင်းကောက်နေချိန် လမ်းပေါ်မှာ လုံခြုံရေးယူတဲ့ စစ်သား ဖြစ်တယ်လို့သိရပါတယ်။ပစ်ခတ်ခံရတဲ့အမျိုးသားရဲ့နောက်ဆက်တွဲအခြေအနေကိုတော့မသိရပါဘူး။

မန္တလေးအပါအဝင် နိုင်ငံတဝှမ်း စစ်ကောင်စီ ထိန်းချုပ်မှု အောက်မှာရှိနေတဲ့ ဒေသတွေမှာ အောက်တိုဘာလ ၁ ရက်ကစတင်ပြီး ၁၅ ရက်ကြာစာရင်းကောက်ယူခဲ့တာပါ။
၂၀၂၅ ခုနှစ်မှာ ကျင်းပမယ့်ရွေးကောက်ပွဲ မဲစာရင်းမှန်ကန်ဖို့ အကြောင်းပြပြီး စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူတာလည်းဖြစ်ပါတယ်။

သန်ခေါင်စာရင်းကောက်ယူရာမှာ လိုက်ပါ လုံခြုံရေး ယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ် လည်းဖြစ်ထားပါတယ်။

မန္တလေးတိုင်းစစ်ကောင်စီအဖွဲ့ ဝင်တွေကို သန်းခေါင်စာရင်းစတင်တဲ့နေ့က တွေ့ရပုံ
ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး