အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီး သေဆုံး
ရဲခေါင်/People’s Spring
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။
ယနေ့(အောက်တိုဘာ ၁၆ရက်) နံနက်ကဖြစ်ပွားခဲ့သော အခင်းဖြစ်စဥ်အရ ကမ်းနားအနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးသန်းအား အဆိုပါရပ်ကွက်နေသူ ထွန်းထွန်းလတ်ဆိုသူက ဓားဖြင့် ထိုးခဲ့ခြင်းဟု ဆိုသည်။
” သိရသလောက်တော့ ထွန်းထွန်းလတ်က မူးနေတဲ့အချိန် စိုးသန်းက အာဏာသွားပြတာ။ဟိုက ဒါနဲ့ဓားနဲ့အသေထိုးတာ။ဒီမှာ မသေဘူး။အင်းစိန်ဆေးရုံရောက်မှ သေတာ”ဟု အင်းစိန် မြို့နယ်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
သေဆုံးသူစိုးသန်းသည် ဝမ်းဗိုက်ယာဘက်ထိုးသွင်းဒဏ်ရာများနှင့် ယာလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း အင်းစိန်မြို့နယ်ရဲစခန်း၏ အမှုစစ်ချက်တွင် ဖော်ပြသည်။ဓားဖြင့်ထိုးသွားသူ ထွန်းထွန်းလတ်ကို ဖမ်းဆီးရေးပိတ်ဆို့ရှာဖွေနေသည်ဟုလည်း ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့အပါအဝင် အခြားမြို့နယ်များ၌ ရပ်ကွက် အုပ်ချုပ်ရေးမှူးဆိုသူများနှင့် ၎င်း၏နောက်လိုက် များသည် ပြည်သူလူထုအပေါ် အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်၊သတ်ဖြတ်မှုများ ကျူးလွန်နေသည်။
ထို့ကြောင့် စစ်ကောင်စီဘက်တော်သားများ ဖြစ်သော ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား မြို့ပြပြောက်ကျားအဖွဲ့များက ပစ်ခတ်ရှင်းလင်းသတိပေးမှုများရှိသည်။