ပန်ဝါမြို့ကို KIA သိမ်း၊ စခုန်တိန့်ယိန်း၏ နေအိမ်ကိုလည်း KIA က သိမ်းလိုက်ကာ နယ်စပ်တွင် လုံခြုံရေးယူထား

ကချင်ပြည်နယ် ပန်ဝါမြို့ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ်တွင်လည်း လုံခြုံရေးယူထားပြီး တရုတ်ဘက်ကလည်း ဂိတ်ပိတ်ချထားကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့ ညနေပိုင်းတွင် ပန်ဝါမြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် နယ်ခြားစောင့်တပ်စခန်းများကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် မြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

“တိုက်ပွဲဖြစ်တော့ ဒေသခံတွေ တရုတ်ဘက်ကို တိမ်းရှောင်တာ တရုတ်ဘက်က ဂိတ်ပိတ်ထားလို့ လူဦးရေ ထောင်ချီပြီး ဂိတ်မှာပိတ်မိနေတာ။ ညပိုင်းရောက်တော့ KIA က မြို့ကို အပြီးသိမ်းပြီး တရုတ်-မြန်မာနယ်စပ်ဂိတ်အနားအထိ လုံခြုံရေးလာယူထားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

KIA ပူးပေါင်းတပ်များ တိုက်ခိုက်မှုအတွင်း ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်သားများ အရပ်ဝတ်များဖြင့် တရုတ်ဘက်သို့ ထွက်ပြေးရာ KIA က နယ်စပ်တွင် ဖမ်းဆီးရရှိခြင်းများပင်ရှိခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ စခုန်တိန့်ယိန်း၏ နေအိမ်ကိုလည်း KIA က သိမ်းလိုက်ပြီဟု သိရသည်။

“ည (၁၂)နာရီလောက်မှာပဲ မြို့ထဲကို KIA က နေရာဝင်ယူလိုက်တာ။ စစ်ကောင်စီတပ်သားတွေက မရှိတော့ဘူး။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိတယ်။ ဖမ်းမိတာတွေလည်းရှိတယ်။”ဟု စစ်ရေးသတင်းအရင်းအမြစ် က Tachileik News Agency ကိုပြောသည်။

ပန်ဝါမြို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လှုပ်ရှားစစ် ဗျူဟာမှူး ရဲခေါင်မှာ ထွက်ပြေးပြီး ရတလ ၂၉၊ BGF၊ ပြည်သူ့စစ်စခန်းများပါ အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တရုတ်သည် လိုင်ဇာ၊ လိုင်စင်၊ ခရှိန် စသည့် နယ်စပ်ဂိတ်များကိုလည်း ပိတ်ထားသည်။

#TachileikNewsAgency