Miss Grand International ပြိုင်ပွဲ၏ National Costume ပြိုင်ပွဲတွင် Stop The War စာတန်းကို ကိုင်ဆောင်ပြခဲ့သည့် ဟေတီအလှမယ် နှင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ နေ့စဉ်သေဆုံးနေရသော်လည်းနှုတ်ဆိတ်နေသည့် မြန်မာအလှမယ်ကို နှိုင်းယှဉ်ဝေဖန်နေသည်။
ယင်းပြိုင်ပွဲကို ထိုင်းနိုင်ငံ၌ ပြုလုပ်နေခြင်းဖြစ်ပြီး National Costume ပြိုင်ပွဲဝင်ဓာတ်ပုံများ တက်လာပြီးနောက် မြန်မာအလှမယ်ကို ပိုမိုဝေဖန်နေခြင်းဖြစ်သည်။
“(ဟေတီအလှမယ်)ကိုယ့်နိုင်ငံသူမဟုတ်ပေမယ့် အဓိပ္ပါယ်များစွာပါသော ၀တ်စုံဖြစ်လို့ လေးစားချစ်ခင်မိပါတယ်။ သူရဲ့မျက်နာဟန်ပန်ကကို အကူညီလိုအပ် မေတ္တာလိုအပ် ၊ မျှော်လင့် တောင်းဆိုနေတဲ့ မျက်နာဟန်ပန်ဖြစ်တယ်။အမှန်တကယ်ဆိုရင် ကိုယ့်နိုင်ငံကိုယ်စားပြုတဲ့ miss က နိုင်ငံရေးစိတ်မ၀င်စားဘူးဆိုရင်တောင် ဘယ်ဘက်မှမလိုက်ဘဲ့ စစ်ရေးကြောင့် ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်တွေအတွက် Speak out လုပ်ပေးစေချင်ပါတယ်။”ဟု ဓာတ်ပုံများကိုနှိုင်းယှဉ်၍ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးကရေးသားထားသည်။
Miss Grand International ၏ ဆောင်ပုဒ်သည် “Stop The War and Violence” ဖြစ်သော်လည်း ပြည်တွင်းစစ်နှင့် ကြုံနေရသည့် နိုင်ငံနှင့်ပတ်သက်၍ မြန်မာအလှမယ်သည် နှုတ်ဆိတ်နေသောကြောင့် ယင်းကဲ့သို့ဝေဖန်ခံရခြင်းဖြစ်သည်။
သို့သော် အသက် ၁၈ နှစ်အရွယ် မြန်မာအလှမယ် သဲစုငြိမ်းကို ရုပ်လှ၍ ၊ကြိုးစား၍ ၊တော်၍စသည့်အကြောင်းပြချက်မျိုးစုံဖြင့် အားပေးနေသူအများအပြားလည်းရှိသည်။အနုပညာသတင်းများအသားပေးဖော်ပြနေသော အနုပညာအွန်လိုင်းမီဒီယာများက ထိုအလှမယ်ကို အဓိကအသားပေးဖော်ပြနေကြသည်ကိုတွေ့ရသည်။
“Miss နဲ့ နိုင်ငံရေး ဘာမှမဆိုင်ဘူးဆိုသူတွေကို မေးချင်တာက အဲ့ဒီ ပြိုင်ပွဲရဲ့ Concept & Moto (ဆောင်ပုဒ်) ဖြစ်တဲ့ ❝ 𝗦𝘁𝗼𝗽 𝘁𝗵𝗲 𝗪𝗮𝗿 𝗮𝗻𝗱 𝗩𝗶𝗼𝗹𝗲𝗻𝗰𝗲 ❞ ဆိုတာနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ဘယ်ဘက်မှမပါဘဲတောင် Speak out ဘာလို့ လုပ်မသွားရတာလဲ။ ” ဟုစမ်းချောင်းပင်မသပိတ်စစ်ကြောင်းက မေးခွန်းထုတ်ထားသည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဘုတလင်မြို့၌ ပြည်သူများကို ဦးခေါင်းနှင့် ခန္ဒာကိုယ်အစိတ်အပိုင်းများဖြတ်တောက်သတ်ဖြတ်ခဲ့သည့်သတင်းဓါတ်ပုံများအောက်တိုဘာ၂၀.ရက်မှစ၍ လူမှုကွန်ယက်ပျံ့နှံ့လာခဲ့သည်။သို့သော် ဘုတလင်မှအုလိုက်အပြုံလိုက် ပြည်သူများအသတ်ခံရသောဖြစ်စဥ်ထက်အဆိုပါအလှမယ် မြှားပစ်နေသည့်ဟန်ရိုက်ထားသောဓါတ်ပုံ နှင့် ရုပ်သံများက ဖေစ်ဘွခ်လူမှုကွန်ယက်တွင် ပျံ့နှံ့နေရာ တော်လှန်ရေး ကိုအာရုံစိုက်သောပြည်သူများက နိုင်ငံအရေးထက်အလှမယ်အကြောင်းပြောဆိုနေကြသူများကိုဝေဖန်မှုများပိုမိုများလာခဲ့သည်ကိုတွေ့ရသည်။
ထိုအပြင် ဘုတလင် စီပါရွာ လူအစုလိုက်အပြုံလိုက်အသတ်ခံရသောဖြစ်စဥ်ကြောင့် နိုင်ငံအရေးကို နှုတ်ဆိတ်နေသည့် အလှမယ်အပေါ် ပိုမို၍ ပြင်းပြင်းထန်ထန်ဝေဖန်လာကြခြင်းဖြစ်သည်။ ဘုတလင်မြို့နယ် စီပါရွာတွင်စစ်တပ်၏ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်သောဖြစ်စဥ်ဆောင်းပါးကိုအောက်ပါလင့်တွင်ဖတ်ရှုနိုင်ပါသည်။