ဧရာဝတီ၊ အောက်တိုဘာ ၂၆၊ ၂၀၂၄

ရွှေဈေးနှုန်း တည်ငြိမ်မှန်ကန်စေရန်ဟု ဆိုကာ နေ့စဥ် ရွှေရည်ညွှန်းစျေးကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ ဦးဆောင်ပြီး ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၄ ရက် ရက်စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ရွှေရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီကို အောက်တိုဘာလ ၂၄ ရက်စွဲဖြင့် ဖွဲ့ စည်းခဲ့ပြီး ယင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဒု-ဝန်ကြီး၊ ဒုဥက္ကဋ္ဌ အဖြစ် ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ဆောင်ရွက်မည်ဖြစ်ကာ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတို့က ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသော်လည်း ယင်းကော်မတီက မည်သည့်အချိန်တွင် စတင်လုပ်ဆောင်မည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ရွှေဈေးနှုန်း ထုတ်ပြန်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပြီး ကမ္ဘာ့ရွှေစျေးနှုန်း ထူးခြားစွာ ပြောင်းလဲပါက ရွှေရည်ညွှန်းစျေးအား အချိန်နှင့်တပြေးညီ ညှိနှိုင်းထုတ်ပြန်ပေးရမည်ဟု စစ်ကောင်စီက ဆိုသည်။

ယနေ့နံနက်ပိုင်းအထိ နေ့စဉ်ရွှေရည်ညွှန်းဈေး သတ်မှတ်ခြင်းကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံး (YGEA)မှ ထုတ်ပြန်နေပြီး ယနေ့ နံနက်ပိုင်း အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် ၅,၆၂၆,၉၀၀ ကျပ် သတ်မှတ်ထားကာ ပြင်ပရွှေဈေးမှာ တကျပ်သားလျှင် ၆၅ သိန်းကျပ်ကျော်အထိရှိနေသဖြင့် ကျပ် ၈ သိန်းကျော် ဈေးကွာဟမှု ရှိနေသည်။
ပုံစာ- ယနေ့ YGEA သတ်မှတ်ဈေးအား တွေ့ရပုံ/ YGEA

ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ကြောင်း ကြေညာပြီး ရွှေစျေးနှုန်း တည်ငြိမ်မှန်ကန်စေရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရွှေရည်ညွှန်းစျေး သတ်မှတ်ရေးကော်မတီ ဖွဲ့စည်းကာ နေ့စဉ် ရွှေစျေး သတ်မှတ်ပေးသွားမည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

နိုင်ငံအတွင်း ရွှေစျေးနှုန်းတည်ငြိမ်မှန်ကန်စေရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန ဒုဝန်ကြီးကို ဥက္ကဋ္ဌတာဝန်ပေးအပ်၍ အမိန့်အမှတ် ၃၆/၂၀၂၄ ဖြင့် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းစျေး သတ်မှတ်ရေး ကော်မတီဖွဲ့စည်းကြောင်း အောက်တိုဘာ ၂၄ ရက်က ထုတ်ပြန်သည်။

ထို့ပြင် ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ကြောင်းကိုလည်း အောက်တိုဘာ ၂၅ ရက်တွင် ထပ်ဆင့်ထုတ်ပြန်ခဲ့ရာ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ ပြည်ထောင်စုအစိုးရ အဖွဲ့က အပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို ကျင့်သုံး၍ သတ်မှတ်ခဲ့ခြင်းဟု ထည့်သွင်းဖော်ပြထားသည်။

ရွှေအရောင်းအဝယ် တားမြစ်မိန့်၊ စည်းမျဥ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်များကိုလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို အပ်နှင်းကြောင်း၊ ရွှေစျေးနှုန်း မတည်ငြိမ်စေရန် ရည်ရွယ်လုပ်ဆောင်မှုများကို ကာကွယ်တားဆီးခြင်း၊ ရွှေနှင့်ငွေကြေးစျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်တိုင်း/မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း၊ သက်ဆိုင်ရာအသင်းအဖွဲ့များ၊ ကျွမ်းကျင်ပညာရှင်များဖြင့် ညှိနှိုင်းဆောင်ရွက်ရမည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုရန်