(မန္တလေးမြို့တွင် ပြည်သူလူထုနှင့်အတူ ဆန္ဒပြနေသော လူထု သပိတ်ခေါင်းဆောင် ကိုတေဇာစန်းအား တွေ့ရစဥ်။ဓာတ်ပုံ-Tayza San)
လုံခြုံရေးတိုးမြှင့်ထားသည့် မန္တလေးမြို့တွင် ပြည်သူလူထုနှင့်အတူ လူထုတိုက်ပွဲလှုပ်ရှားမှု ယခုရက်ပိုင်းအတွင်းပြုလုပ်ခဲ့ကြောင်း သပိတ်ခေါင်းဆောင် ကိုတေဇာစန်းက ပြောသည်။
၂၀၂၁ စစ်အာဏာသိမ်းဆန့်ကျင်မှု သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုတေဇာစန်းသည် ယနေ့(အောက်တိုဘာ ၂၆ရက်)တွင် “ဂန္ထဝင်မြို့ကြီးက တော်လှန်တိုက်ပွဲများ”ခေါင်းစဥ်ဖြင့် မန္တလေးမြို့လယ်တနေရာ၌ ရဲဘော်ရဲဘက်များ၊ ပြည်သူများနှင့်အတူ လူထုတိုက်ပွဲလှုပ်ရှားမှု ပြုလုပ်ခဲ့သည့်ဓာတ်ပုံများအား ၎င်း၏ Facebook စာမျက်နှာ၌ ဝေမျှခဲ့သည်။
“ကျနော်တို့ ပြည်သူတွေ၊ ကျနော်တို့ ရွှေမန်းသူ ရွှေမန်းသားတွေရဲ့ တော်လှန်စိတ်ကတော့ အံ့ဩဖို့ကောင်းလောက်အောင် ထက်သန်မြဲ၊ ပြင်းပြဆဲဗျို့။ “ငါတို့ မဖြစ်မနေ လွတ်မြောက်မှ ရမယ်”လို့ စိတ်နှလုံး ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီးဖြစ်တဲ့ လူထုရဲ့ တော်လှန်စိတ်ကို ဘယ်အရာ၊ ဘယ်အကြောက်တရားကမှ ဟန့်တားနိုင်တော့မှာ မဟုတ်ပါဘူး။”ဟု ကိုတေဇာစန်းက ရေးသားသည်။
မန္တလေးမြို့သည် နွေဦးတော်လှန်ရေး ခရီးကြမ်း၌ မြို့သူ၊မြို့သားများ၏ စုစည်းညီညွတ်အားနှင့်အတူ မယိုင်မလဲဘဲ ခိုင်မြဲစွာ ချီတက်နေကြောင်း ကိုတေဇာစန်းက ဆိုသည်။
“ကျနော်လည်း “အရေးတော်ပုံ တပ်သား” တဦးအနေနဲ့ မြို့လူထုနဲ့အတူ လူထုတိုက်ပွဲတွေ ဖော်ဆောင်နေပါတယ်။”ဟု ရေးသားသည်။
တော်လှန်ရေးကြီး အမြန်ဆုံးအောင်ပွဲဆင်နိုင်ရန်အတွက် စစ်ရေးတိုက်ပွဲများနှင့်အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ကြောင်း ကိုတေဇာစန်းက အကြံပြုသည်။
“ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ်။”ဟု ကိုတေဇာစန်းက ၎င်း၏အမြင်ကို ဝေမျှသည်။
“ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ်။”ဟု ကိုတေဇာစန်းက ထပ်မံအသိပေးသည်။
အထူးသဖြင့် တော်လှန်ရေးကြီး စကတည်းက လူထုတရပ်လုံး စွဲကိုင်ခဲ့သည့် လူထု CDM နှင့် “ဘူး” သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို အစွမ်းကုန် အရှိန်တင်ကြရန် လိုအပ်နေကြောင်း၊ အရှိန်မြှင့်လာသည့် စစ်ရေးတိုက်ပွဲနှင့် ဟန်ချက်ညီစွာ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုများကိုလည်း ရွက်ကုန်လွှင့် ဖော်ဆောင်ကြရန် ကိုတေဇာစန်းက တိုက်တွန်းထားသည်။
မန္တလေးမြို့ပေါ်တွင် စစ်ကောင်စီသည် နေ့စဥ် ၁၀ ဖွဲ့ထက်မနည်းဖြင့် လှည့်လည် စစ်ဆေးတင်းကြပ်နေပြီး ဧည့်စာရင်းများလည်း ပိုမိုစစ်ဆေးနေကြောင်း မြို့ခံများက ပြောသည်။
ကိုဝေဇာစန်းသည် ပြီးခဲ့သည့် ဇူလိုင်အတွင်းကလည်း မန္တလေးမြို့၌ လှုပ်ရှားမှုပြုလုပ်ခဲ့သည်။
အင်ကြင်း/People’s Spring