ရှမ်းမြောက်တွင် ပါဝင်တိုက်ခိုက်ခဲ့သည့် BPLA တပ်ဖွဲ့က အညာ‌တွင်အခြေချ၍ စစ်ဆင်ရေးများ ဖော်ဆောင်နိုင်တော့မည်ဟုဆိုထားပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြိုဆို

ဧရာဝတီတိုင်းမ် ၊ အောက်တိုဘာ ၂၈ ရက်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)သည် မကြာခင်အချိန်အတွင်း အညာဒေသတွင် အခြေချ၍ စစ်ဆင်ရေးများဖော်ဆောင်တော့မည်ဖြစ်ကြောင်း BPLA တပ်ဖွဲ့ တာဝန်ခံ မောင်ဆောင်းခက အသိပေးပြောဆိုထားသည်။

BPLA တပ်ဖွဲ့သည် မြောက်ပိုင်းညီနောင်မဟာမိတ်ဦး ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့၏ ဦးဆောင်မှုအောက်တွင် ၎င်းတို့၏တပ်ဖွဲ့ များစွာတိုးတက်လာသည့်အတွက် ကျေးဇူးမမေ့ကြောင်းကို ၁၀၂၇ စစ်ဆင်ရေး တစ်နှစ် ပြည့်သည့် အောက်တိုဘာ ၂၇ ရက်နေ့က ရေးသားထားသည်။

“ပြည်သူတွေကို အသိပေးချင်တာတစ်ခုက BPLA ဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျွန်တော် တို့ကို ကြိုဆိုမယ်လို့ ယုံကြည် မျှော်လင့်ပါတယ်”ဟု BPLA တပ်ဖွဲ့ တာဝန်ခံမောင်ဆောင်းခက သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

BPLA က အညာဒေသတွင်အခြေချ၍ စစ်ဆင်ရေးများဖော်ဆောင်မည့်အပေါ် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ တပ်ကို တော်လှန်တိုက်ခိုက်နေသည့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM တပ်ဖွဲ့တာဝန်ခံ ကိုနွေဦးက ကြိုဆိုကြောင်းနှင့် ရောက်လာစေချင်သည်ဟုဆိုသည်။

“အစ်ကိုတို့ကကြိုက်တာပေါ့။ တူတူဝိုင်းလုပ်မယ့်လူတွေ ပိုတိုးလာလေ အင်အားတစ်ရပ်ပို ဖြစ်လာလေပဲ။ အခုဆို အညာအဖွဲ့တွေဆို တစ်ပွဲနဲ့တစ်ပွဲ‌ဆို ပက်လက် လန်လန်သွားတာလေ။ အဲဒီလိုအခြေအနေမျိုးမှာ တကယ်လုပ်နိုင်တဲ့အဖွဲ့တွေ ပစ္စည်းလည်းပေါတယ်၊ လူအင် အားလည်း ရှိတယ်ဆိုတဲ့အဖွဲ့တွေ ရောက်လာတယ်ဆိုရင် အဆက်မပြတ်စစ်ဆင်ရေးတွေ ပိုလုပ်လာနိုင်မယ်။ ဘုံရန်သူကိုတိုက်နေတဲ့အချိန် အင်အားတွေတိုး လာတယ်ဆိုတာ ကောင်းတဲ့ရလဒ်‌တခုပါပဲ။ လက်မခံနိုင်စရာလည်းမရှိဘူး၊ ကြိုလည်းကြိုဆိုတာပေါ့၊ ရောက်လည်းရောက်စေချင်တာပေါ့။ ကိုယ့်ဘက်အင်အားလည်းများပြီး လုပ်နိုင်စွမ်းတွေပိုများတဲ့အခါ ရန်သူ့ဘက်က ကျဆုံးမှုပိုများ လာလေပဲ” ဟု CDSOM တပ်ဖွဲ့ခေါင်းဆောင် ကိုနွေဦး(မြောင်)က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အတူ မြင်းခြံခရိုင်တပ်ရင်း (၉) Myingyan Black Tiger-MBT အနေဖြင့်လည်း လက်တွေ့လုပ်ဆောင်နိုင်သည့် တော်လှန်ရေးတပ်ဖွဲ့များ မဟာမိတ်အနေဖြင့် အညာဒေသသို့ လက်တွေ့ကျကျလာရောက်ပါက မည်သည်နေရာတွင်ဖြစ်စေ ကူညီပါဝင်ရန် အသင့်ရှိကြောင်း ဆိုထားသည်။

“လက်တွေ့ကျကျ လုပ်မယ်ဆိုရင် တကယ်သာဆင်းလာခဲ့လိုက်ပါ။ တကယ်လုပ်မယ်ဆိုရင် အညာက အဖွဲ့တွေအနေနဲ့လည်း ကျွန်တော်တို့က နိုင်တဲ့နေရာက ပူးပေါင်းပါဝင်ပေးမှာပါ။ ဘယ်နေရာက ပါဝင်ရ ပါဝင်ရ။ အဓိက က မဟာမိတ်အတိုင်းအတာအနေနဲ့ ဘယ်တပ်မဆို BPLA မှမဟုတ်ဘူး။ ဘယ်တိုင်းရင်းသားတပ်ဖြစ်ဖြစ် အညာဒေသမှာ အားကောင်းကောင်းနဲ့ ထိုးစစ်ဆင်နိုင်တဲ့ မည်သည့် တပ်ကိုမဆို ကျွန်တော်တို့ MBT တပ်ဖွဲ့က ဘယ်လိုနေရာမျိုးကဖြစ်ဖြစ် ကူညီပါဝင်ပေးသွားဖို့ အသင့်ရှိပါတယ်” ဟု ထို့အပြင် မြင်းခြံခရိုင်တပ်ရင်း (၉) Myingyan Black Tiger-MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဧရာဝတီတိုင်းမ်ကို ပြောသည်။

BPLA တပ်ဖွဲ့သည် တပ်အင်အားပိုမိုကြီးထွားရန် ကြိုးပမ်းနေပြီး တပ်သားသစ်များ စိစစ်ရွေးချယ် ခေါ်ယူနေကြောင်း တပ်ဖွဲ့ Page မှတစ်ဆင့် အောက်တိုဘာ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-BPLA

ဆက်လက်ဖတ်ရှုရန်