ရောင်နီ (မဇ္ဈိမ)

မကြာခင်ရုံတင်မည့် ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီးရုပ်ရှင်ကားအား လူမှုကွန်ရက်တွင် ဝေဖန်ခဲ့သည့် ကိုရှိုင်းထက်အောင် (ခေါ် ) ဟာဆယ်ယွန်အား အရပ်ဝတ်လူအချို့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ပျောက်ဆုံးနေကြောင်း မိသားစုနှင့်နီးစပ်သူများနှင့် သူ၏ မိတ်ဆွေအချို့က မဇ္ဈိမကို ပြောသည်။

ဟာဆယ်ယွန်အမည်ဖြင့် လူမှုကွန်ရက်အသုံးပြုသည့် အသက် ၃၃နှစ်အရွယ် အိန္ဒိယနွယ်ဖွား ကိုရှိုင်းထက်အောင်သည် အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် မိသားစုနှင့်အဆက်အသွယ် ပြတ်တောက်သွားခြင်းဖြစ်သည်။ မရမ်းကုန်းမြို့နယ်၊ခဝဲခြံမျက်မမြင်ကျောင်းအနီး၌ အရပ်ဝတ်လူနှစ်ဦးက Town Ace အမျိုးအစား ကားအဖြူပေါ်မှဆင်းလာပြီး ဖမ်းချုပ်ကာ မျက်နှာအဝတ်အုပ်ပြီး ကားပေါ်သို့ ဆွဲတင်သွားသည်ကို တွေ့လိုက်သူရှိကြောင်း ဖြစ်စဉ်ကိုသိရှိထားသူတဦးက ပြောသည်။

“ မျက်မမြင်ခဝဲကျောင်းမှာ အသံလှူဖို့ဆိုပြီး ရောက်နေတဲ့အချိန် ဖုန်းတလုံးဝင်လာလို့ ဖုန်းပြောမယ်ဆိုပြီး ခဏအပြင်ထွက်သွားတာကနေ ပြန်ကိုမလာတာ။ ပျောက်တဲ့အချိန်ကျနော်တော့မရှိနေဘူး။ ဒါပေမယ့် သူဆွဲခေါ်ခံရတာကို တွေ့သူရှိလိုက်ပါတယ်” ဟု ၎င်းက ပြောသည်။

ကိုဟာဆယ်ယွန်ပျောက်ဆုံးသွားသည့်အောက်တိုဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီကျော်ခန့်မှစ၍ ယင်းနေ့ညနေ ၄ နာရီအချိန်အထိ ၎င်း၏ လက်ကိုင်ဖုန်းဖွင့်ထားသော်လည်းည ၇ နာရီဝန်းကျင်တွင် ဖုန်းစက်ပိတ်သွားကြောင်း၊ လက်ရှိတွင် လှိုင်နှင့်မရမ်းကုန်းမြို့မရဲစခန်းတွင် လူပျောက်တိုင်ထားကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ မိသားစုက လူပျောက်တိုင်ထားပါတယ်။ နယ်ထိန်းနဲ့လည်း ဆက်ရှာနေပါတယ်။ မတွေ့သေးပါဘူး” ဟု ပြောသည်။

ကိုဟာဆယ်ယွန်ပျောက်ဆုံးနေကြောင်းနှင့် ၎င်းကို တွေ့ရှိသူများအနေဖြင့် ဆက်သွယ်ပေးကြရန် မေတ္တာရပ်ခံထားသည့် ပို့စ်ကိုလည်း လူမှုကွန်ရက်သုံးစွဲသူအချင်းချင်း မျှဝေအကူအညီတောင်းထားကြသည်။ကိုဟာဆယ်ယွန်သည် စစ်ကောင်စီ စစ်ကြောရေး၌ရောက်နေကြောင်း လာရောက် သတင်းပေးသူတဦး ရှိသော်လည်း လိုက်လံစုံစမ်းသည့်အခါ မည်သည့်စစ်ကြောရေးတွင်မှ မရှိနေကြောင်းလည်း သူ၏ မိတ်ဆွေတဦးကပြောသည်။

ကိုဟာဆယ်ယွန်ရုတ်တရုတ်ပျောက်ဆုံးသွားခြင်းသည် အောက်တိုဘာလ ၂၄ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်တွင်တင်ခဲ့သည့် ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီး ဆိုသည့် ရုပ်ရှင်ကားနှင့် ပတ်သက်သည့် ဝေဖန်မှုကြောင့် ဖြစ်နိုင်ကြောင်း ၎င်းနှင့် နီးစပ်သူအချို့က ပြောသည်။

လာမည့် နိုဝင်ဘာလတွင် ရုံတင်မည့် ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)၏ ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီးဆိုသည့် ဇာတ်ကားနာမည်နှင့် ဇာတ်ကားပိုစတာတွင် အသုံးပြုထားသည့် ဝတ်စားဆင်ယင်မှုများတွင် လူမျိုးရေးခွဲခြားချိုးနှိမ်မှုများပါဝင်ကြောင်း ကိုဟာဆယ်ယွန်က အောက်တိုဘာလ ၂၄ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက်မှတဆင့် ပို့စ်တင် ဝေဖန်ခဲ့သည်။အဆိုပါထောက်ပြဝေဖန်မှုကို လူမှုကွန်ရက်သုံးစွဲသည့် လူမျိုးဘာသာပေါင်းစုံမှ လူအများက ဝန်းရံထောက်ခံခဲ့ကြပြီး မျှဝေသူ များစွာရှိခဲ့သည်။

ဒါရိုက်ဝာာကိုဇော်(အရုဏ်ဦး)က “ ရိုက်တယ်ဆိုတာကလည်း ဟိန္ဒူအသင်းက ထောက်ခံချက်တွေ ဇာတ်တွေတင်ပြီးမှ ရိုက်ရတာ။ဆင်ဆာက ခွင့်ပြုမှ ရိုက်ရတာ။
ဟိန္ဒူဘာသာရေးအဖွဲ့တွေကို ပြရတယ်။ အကုန်လုံးလုပ်ပြီးမှ ဆင်ဆာအဖွဲ့ကလည်း လွယ်လွယ်လေးခွင့်မပြုဘူး။ သူတို့ဘာသာနဲ့ညီတဲ့ ဟာတွေဖြစ်မှ ပြန်ကြားရေးကလည်း ခွင့်ပြုတာ ” ဟု မဇ္ဈိမကို အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဖြေကြားထားသည်။

ပြည်တွင်းရှိ အနုပညာအသားပေး Media အချို့၏ မေးမြန်းမှု၌လည်း ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ထိုဇာတ်ကားရိုက်ကူးရန် မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်(Central (All Myanmar Hindu Central Council)နှင့် ညှိနှိုင်းသဘောတူထားသည့် စာချုပ်ကို ပြသခဲ့ပြီး ခွင့်ပြုချက်ဖြင့်သာ ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်းပြောဆိုထားသည်။

သို့သော် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကိုယာဆယ်ယွန်က ” Central (All Myanmar Hindu Central Council) ဘက်ကို ဒီကိစ္စခွင့်ပြုတာလားဆိုပြီး ဆက်သွယ်မေးမြန်းတော့ Central ဘက်ကလုံးဝခွင့်ပြုထားတာမရှိပါဘူးလို့ ဖြေကြားထားတယ်။ သူတို့ဘက်က ဒီရုပ်ရှင်အဖွဲ့ကိုခေါ်ယူဆွေးနွေးဖို့လုပ်နေပါတယ်။ စောင့်ကြည့်ပါတဲ့။ အဲ့တော့ ဒါရိုက်တာဘက်က လိမ်ညာပြီး စာအတုထုတ်ပြန်တာလား Centralဘက်ကခွင့်ပြုပြီး အခုမှခွင့်မပြုပါဘူးလို့ ဗြောင်လိမ်နေတာလား။ ဖုန်းrecord တွေကျွန်တော်တို့ဘက်မှာ ရှိနေပါတယ်” ဟု ရေးသားပြီး လူမှုကွန်ရက်မှတဆင့် ထပ်မံအသိပေးခဲ့သည်။

ကိုယာဆယ်ယွန်ပျောက်ဆုံးနေသည့်အကြောင်းမေးမြန်းနိုင်ရန် All Myanmar Hindu Central Council အဖွဲ့ထံ မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် (All Myanmar Hindu Central Council)သည် စစ်ကောင်စီက အသိအမှတ်ပြုထားသည့် အဖွဲ့ဖြစ်သည်။
ကိုယာဆယ်ယွန်သည် လူမှုကွန်ရက်တွင် နောက်ဆုံးပို့စ်တင်ထားသည်မှာ အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ထိုင်းထီရောင်းချမှုနှင့် ပတ်သက်သည့် ပို့စ်ဖြစ်ပြီး ၎င်း၏ နောက်ဆုံး လူမှုကွန်ယက်သုံးစွဲခဲ့ချိန်သည် ယင်းနေ့ ည ၇ နာရီဖြစ်သည်။ လက်ရှ်ိတွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာသည် ဆက်ရှိနေသေးသည်။

“ နှုတ်ပိတ်ခံရမှာကိုပဲစိုးရိမ်တာပါ။ ပျောက်ဆုံးတာကတော့ ဘယ်သူ့လက်ချက်ပါလို့ ကျိန်းသေပြောလို့မရပါဘူး”ဟု ကိုဟာဆယ်ယွန်၏ မိသားစုနှင့်နီးစပ်သူတဦးကပြောသည်။

ကိုယာဆယ်ယွန်ပျောက်ဆုံးနေမှုသည် ယနေ့ (အောက်တိုဘာလ ၂၉ ရက်နေ့)လေးရက်မြောက်ရှိလာပြီဖြစ်သည်။ မည်သည့်နေရာတွင် ရောက်ရှိနေကြောင်း စုံစမ်းမရသည့်အတွက် ၎င်း၏ မိသားစုဝင်များနှင့် မိတ်ဆွေများက စိုးရိမ်ပူပန်နေကြသည်။ မဇ္ဈိမအနေဖြင့် လှိုင်နှင့်မရမ်းကုန်း ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း အဆက်အသွယ် မရရှိသေးပေ။
စာတည်း-အေးချမ်း
ပုံအညွှန်း – မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်ပျောက်ဆုံးနေသည့် ကိုရှိုင်းထက်အောင် (ခေါ်) ဟာဆယ်ယွန်။

ဆက်လက်ဖတ်ရှုရန်