▪️၂ရက်အတွင်း သေဆုံးသူစစ်သုံ့ပန်း ၁၂ဦး အထိရှိလာ
ဇေအောင်၊ဟန်နွေ/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား စစ်ကောင်စီက လေကြောင်းထပ်မံတိုက်ခိုက်ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် ၄ဦး သေဆုံးခဲ့ကြောင်း မန္တလေး PDFက သတင်းထုတ်ပြန်သည်။
ယနေ့(အောက်တိုဘာ ၃၀ရက်) နံနက် ၁နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော်
(မန္တလေး)၏ စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား လေကြောင်းတိုက်ခိုက်မှု ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ဗိုလ်မှူးတစ်ဦးအပါအဝင် ၄ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း မန္တလေး PDFက အသိပေးသည်။
“အချုပ်ဆောင်တွေမှာ လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့ လုံခြုံရေးဆိုင်ရာ အစီအမံတွေရှိပေမယ့် ညသန်းခေါင်လူခြေအိပ်ချိန်မှာ ပြုလုပ်ခဲ့တာဖြစ်တဲ့အတွက် ထိခိုက်မှုအချို့ ရှိခဲ့တာဖြစ်ပါတယ်။”ဟု မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။
စစ်ကောင်စီသည် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသော ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး ၂ရက်အတွင်း သေဆုံးသူ၁၆ဦး အထိရှိလာကြောင်း မန္တလေး PDFက ထုတ်ပြန်သည်။
အောက်တိုဘာ ၂၈ ရက်က လေကြောင်းတိုက်ခိုက်မှုတွင် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်း ၄ဦးအပါအဝင် စစ်သုံ့ပန်း၈ဦးနှင့် အခြားအကျဥ်းသား ၄ဦး၊ စုစုပေါင်း ၁၂ဦး သေဆုံးကာ ၆၀ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများကို သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားရှိခဲ့သော်လည်း စစ်ကောင်စီသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရကြောင်း မန္တလေး PDFက သုံးသပ်သည်။
“စစ်သုံ့ပန်းတွေ ထားတဲ့နေရာမှန်းသိလို့ စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ယူဆပါတယ်။”ဟု မန္တလေး PDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။
လေယာဉ်ဗုံးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော စစ်သုံ့ပန်းများကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဆေးကုသမှုများ လုပ်ဆောင်ပေးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။
ထို့အပြင် ရက္ခိုင်ပြည်နယ်၊ ပေါက်တောနှင့် မောင်တောမြို့နယ်ရှိ အာရက္ခတပ်တော်(AA) အကျဉ်းစခန်းကိုလည်း စက်တင်ဘာအတွင်းက စစ်ကောင်စီတပ်
လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပမ်း ၅၈ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများအတွင်း အရပ်သား ၁၀ဦး သေဆုံးခဲ့ရသည်။
(ယနေ့ နံနက်စောက လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ – MDY PDF)
ဆက်လက်ဖတ်ရှုရန်