မန္တလေးမြို့ အခြေစိုက် ပရဟိတမင်းခေါင်အဖွဲ့ရဲ့ ဥက္ကဋ္ဌ နဲ့ အသင်းဝင်တွေအပါအဝင် ၈ ဦးခန့် ကို အောက်တိုဘာလ ၂၆ ရက် ညနေပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မန္တလေးအခြေစိုက် ပရဟိတအသင်းအချို့ထံကသိရပါတယ်။
အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်း မှာ ရုံးစိုက်ထားတဲ့ ပရဟိတ မင်းခေါင် ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့ ရုံးမှာ လာရောက်ဖမ်းဆီးသွားတာပါ။

အသင်းရဲ့ ဥက္ကဋ္ဌ ဦးမင်းခေါင် အပါအဝင် ၈ ဦးဖမ်းခံရတာဖြစ်ပြီး အမျိုးသမီး တွေလည်းပါတယ်လို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ နဲ့ နီးစပ်တဲ့ မန္တလေးအခြေစိုက် ပရဟိတ အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

” ဘာကိစ္စဆိုတာ တိတိကျကျမသိရသေးဘူး၊ အဆက်အသွယ်လည်း မရတော့လေ “လို့ အဲဒီ ပရဟိတ အဖွဲ့ဝင်ကဆိုပါတယ်။

ပရဟိတမင်းခေါင် အဖွဲ့ ဖမ်းဆီးခံရတာက ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေး မှာ ယာဉ်တန်းနဲ့ လိုက်ပါ ပို့ဆောင်တာကြောင့်လို့သတင်းထွက်နေပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။

“နာရေးပို့လို့တော့ မဖြစ်နိုင်ဘူးထင်တယ်၊ ဖမ်းမယ်ဆို မန္တလေးက အသင်းတော်တော်များများပါနိုင်မယ်”လို့ ဒေါက်တာဇော်မြင့်မောင်နာရေးကိုလိုက်ပို့ဆောင်ပေးခဲ့တဲ့ ပရဟိတအဖွဲ့ ဝင်တစ်ဦးကလည်းပြောပြပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကလည်း ပရဟိတ မင်းခေါင် အဖွဲ့ရဲ့ ဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်အချို့ကို စစ်တပ်က တစ်လကြာဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။

အခုတစ်ကြိမ်ကတော့ ဒုတိယအကြိမ်မြောက် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
ဆိုင်းမင်း/People’s Spring

ဆက်လက်ဖတ်ရှုရန်