ရန်ကုန်၊ အောက်တိုဘာ ၃၀
အကြမ်းဖက် မင်းအောင်လှိုင်ကို လာမည့် နိုဝင်ဘာလတွင် တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ထားသည်ဆိုသော သတင်းများ ထွက်ပေါ်နေပြီး ယင်းသတင်းများ မှန်ကန်ပါက တရုတ်အနေဖြင့် ယင်းသို့ ဖိတ်ခေါ်ထားမှုကို ပြန်လည် သုံးသပ်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုသည်။
NUG က တရားဝင် ထုတ်ပြန်သော “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်”တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
အကြမ်းဖက်မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ နိုဝင်ဘာလအတွင်း သွားရောက်ပြီး မဲခေါင်နိုင်ငံများဆိုင်ရာ အစည်းအဝေးတက်မည်ဆိုသော သတင်းများ မီဒီယာများမှတစ်ဆင့် သိရှိရကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံဘက်က တိတိကျကျ ပြောဆိုခြင်းမရှိသေးကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တရုတ်နိုင်ငံကို အိမ်နီးချင်းကောင်းပီသစွာရပ်တည်ရန်နှင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံသည်ဟု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလဆန်းတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ အကြမ်းဖက် မင်းအောင်လှိုင်သည် နိုင်ငံတွင်း ပဋိပက္ခနှင့် မတည်ငြိမ်မှုများ ဖန်တီးနေသော လူသတ် အကြမ်းသမားကြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခုတလောမှာတော့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် နိုဝင်ဘာလအတွင်းမှာ တရုတ်နိုင်ငံက အိမ်ရှင်အနေနဲ့ ကျင်းပတဲ့ မဲခေါင် Sub region အစည်းအဝေးကို တက်ရောက်ဖို့အတွက် တရုတ်နိုင်ငံကို သွားမယ်ဆိုတဲ့ သတင်းတွေ မီဒီယာတွေကနေ တစ်ဆင့် သိရှိရပါတယ်။ တရုတ်နိုင်ငံဘက်က တာဝန်ရှိသူတွေနေနဲ့ကတော့ တိတိကျကျ ပြောကြားတာကို မတွေ့ရှိသေးပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ရပ်တည်ချက် ၊ ကျွန်တော်တို့ရဲ့ အမြင်တချို့ကို ပြောပြချင်ပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့သဘောထားကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလဆန်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက အတိအလင်းထုတ်ဖော်ကြေညာထားပြီးသား ဖြစ်ပါတယ်။ နှစ်နိုင်ငံအချင်းချင်း ချစ်ကြည်ရေး၊ ပြည်သူအချင်းချင်း ဆက် ဆံရေး ၊ အိမ်နီးချင်းကောင်း ပီသစွာ ရပ်တည်ဖို့၊ တရုတ်နိုင်ငံတစ်နိုင်ငံတည်းသာ ရှိတယ်ဆိုတဲ့ မူဝါဒ အစရှိသဖြင့်တို့ကို ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် ပြောထားပြီးသား ဖြစ်ပါတယ်။ အဲဒီ မူဝါဒအတိုင်း ကျွန်တော်တို့ ဆက်လက် ရပ်တည်နေပါတယ်။
တရုတ်နိုင်ငံဟာ အင်အားကြီး အိမ်နီးချင်းကောင်းတစ်ဦးလို့ ကျွန်တော်တို့ သဘောထားရှိပါတယ်။ တစ်ချိန်တည်းမှာ အကြမ်းဖက် မင်းအောင်လှိုင်ကို တရုတ်နိုင်ငံလာဖို့ ဖိတ်ကြားတယ်ဆိုတာ ကြားသိရတာ ကျွန်တော်တို့ အနေနဲ့ စိတ်မကောင်း စိုးရိမ်ပူပန်မှု ဖြစ်မိပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဖြစ် ၊ မတည်မငြိမ်မှုတွေ ဖြစ်အောင် ဖန်တီးနေတဲ့ လူသတ် အကြမ်းဖက်သမားကြီး မင်းအောင်လှိုင်ကို ဖိတ်ခေါ်တယ်ဆိုတဲ့ သတင်းသာ မှန်ခဲ့ရင်တော့ ဖိတ်ခေါ်မှုကို ပြန်လည် သုံးသပ်သင့်တယ်လို့ ထင်မိပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် တရုတ်အစိုးရအနေဖြင့် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့လျှင် မြန်မာပြည်သူလူထု၏ အထင်အမြင်လွဲမှားမှုကို မလိုလားအပ်ဘဲ လှုံ့ဆော်ပေးရာ ရောက်နိုင်ကြောင်း၊ တော်လှန်ရေးအင်အားစုများအပေါ် တရုတ်က ဖိအားပေးနေသည်ဆိုသော သတင်းများကြောင့်လည်း မြန်မာပြည်သူလူထု၏ အမုန်းပွားမှုများဖြစ်ပေါ်လာနိုင်သည်ကို စိုးရိမ်ပူပန်မိသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
“မြန်မာပြည်သူလူထုဟာ တည်ငြိမ်မှု ငြိမ်းချမ်းမှုနဲ့ စီးပွားရေး တိုးတက်မှုကို လိုလားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေကို ပျက်ပြားအောင် လုပ်နေတာက မင်းအောင်လှိုင်နဲ့ သူ့ရဲ့ အပေါင်းပါ တစ်စု ဖြစ်ပါတယ်။ အကြမ်းဖက် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့ရင် တရုတ်အစိုးရပေါ်မှာ မြန်မာလူထုရဲ့ အထင် အမြင် လွဲမှားမှုကို မလိုလားအပ်ဘဲ လှုံ့ဆော်ပေးရာ ရောက်မှာကို စိုးရိမ်မိပါတယ်။ နောက်တစ်ခုကတော့ တရုတ်အစိုးရအနေနဲ့ တော်လှန်ရေး အင် အားစုတွေကို ဖိအားပေးနေတဲ့ သတင်းတွေ မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိရပါတယ်။ တော်လှန်ရေး အင်အားစုတွေကို ဖိအားပေးတယ်ဆိုတဲ့ သတင်းတွေဟာ တရုတ်နိုင်ငံအပေါ်မှာ မြန်မာလူထုရဲ့ အထင်အမြင်လွဲမှားမှုနဲ့ အမုန်းပွားစေနိုင်ဖို့ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ စိုးရိမ်ပူပန်မိပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ရှင်းလင်းပြောဆိုသည်။
တရုတ်အစိုးရက ရှမ်းမြောက်ပိုင်းရှိ မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်ဖွဲ့များနှင့် KIA တပ်များကို တိုက်ပွဲများ ရပ်တန့်ရေး ဖိအားပေးသည့်အနေဖြင့် တရုတ်-မြန်မာနယ်စပ်ဂိတ်အားလုံးကို ပိတ်ပင်ကာ တရုတ်ပြည်မှ ပစ္စည်းများ မြန်မာဘက်သို့ သယ်ယူမှုများအားလုံးကို ကန့်သတ်ပိတ်ပင်လျက်ရှိကြောင်း သိရှိရည်။
ဆက်လက်ဖတ်ရှုရန်