ရန်ကုန်၊ အောက်တိုဘာ ၃၀
အကြမ်းဖက် စစ်ကောင်စီက ပြည်သူများကို ဖိနှိပ်ညှဉ်းပန်း သတ်ဖြတ်နေမှုများကို မနှစ်မြို့တော့ဘဲ လက်မခံနိုင်တော့သဖြင့် ဗိုလ်မှူးအောင်မျိုးသွင် ဦးဆောင်သော အရာရှိနှင့်စစ်သည် ၃၅ ဦးပါ တပ်ဖွဲ့နှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်သော ၂၆ ဦး တပ်ဖွဲ့တို့က အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ကာကွယ်ရေးဝန်ကြီးဌာန ထံတွင် CDM ဝင်လိုက်ကြကြောင်း သိရှိရသည်။
ပလက်၀ အခြေစိုက် တပ်များမှ ဗိုလ်မှူး အောင်မျိုးသွင် ဦးဆောင်သော အရာရှိ ၃ ဦး၊ စစ်သည် ၃၁ ဦး၊ ရဲမေ ၁ ဦး စုစုပေါင်း ၃၅ ဦး ပါဝင်သော တပ်ဖွဲ့က ယခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင်လည်းကောင်း၊ ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်သော အရာရှိ ၃ ဦး၊ စစ်သည် ၂၃ ဦး စုစုပေါင်း ၂၆ ဦး ပါဝင်သော တပ်ဖွဲ့က ယခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင်လည်းကောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနထံတွင် CDM ဝင်၍ ပြည်သူ့ရင်ခွင် ခိုလှုံလာခြင်းဖြစ်သည်။
“စစ်ကောင်စီအနေနဲ့ ပြည်သူ့အာဏာကို မတရားရယူခြင်း ပြည်သူ မတရားညှဉ်းပန်းနှိပ်စက်ခြင်း၊ ပြည်သူကို မတရားသတ်ဖြတ်ခြင်း၊ ဒါတွေကို မြင်တွေ့ ကြားသိနေရတယ်။ ဒါတွေကြောင့် ပြည်သူ့ရင်ခွင့် CDM ဝင်ရောက်ခဲ့တာဖြစ်ပါတယ်” ဟု CDM ဗိုလ်မှူး အောင်မျိုးသွင်က ပြောဆိုသည်။
ပြည်သူ့ရင်ခွင် ခိုလှုံလာသော အရာရှိနှင့် စစ်သည် စုစုပေါင်း ၆၁ ဦးတွင် အရာရှိ ဗိုလ်မှူး ၂ ဦးဖြစ်သည့် ဗိုလ်မှူးအောင်မျိုးသွင်၊ ဗိုလ်မှူးအောင်ကိုထွေး၊ ဗိုလ်ကြီး ၄ ဦးဖြစ်သည့် ဗိုလ်ကြီး ဇော်မင်းသူ၊ ဗိုလ်ကြီးထွန်းထွန်း၊ ဗိုလ်ကြီးဟိန်းလတ်၊ ဗိုလ်ကြီးကျော်မွှေးတို့ပါဝင်ကြောင်း သိရှိရသည်။
CDM ဝင်ရာတွင် ပလက်၀ CDF ၊ ပြည်သူ့ကာကွယ်ရေးတပ်များ အပါအဝင် တော်လှန်ရေးတပ်များကို ချိတ်ဆက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်များထံတွင် CDM ဝင်ရောက်ကာ ပြည်သူလူထုဘက်မှ ရပ်တည်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်ဖတ်ရှုရန်