🟥စစ်ဗိုလ်ချုပ်တစ်စု ကောင်းစားရေး အရာရှိနှင့်စစ်သည်များအားလုံး အသက် မစွန့်ကြဘဲ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် CDM ဗိုလ်မှူးများ တိုက်တွန်း
ရန်ကုန်၊ အောက်တိုဘာ ၃၁
အကြမ်းဖက်စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေဖြင့် လူငယ်များကို စစ် တပ်ထဲသို့ အတင်းဆွဲခေါ်သွင်းနေသည့်တိုင် အရေအတွက်သာရှိပြီး အရည် အချင်းမရှိခြင်း၊ ပြည်သူလူထုထောက်ခံမှုမရှိခြင်းတို့ကြောင့် စစ်ကောင်စီတပ်များအနေဖြင့် နိုင်ငံတစ်ဝန်း တိုက်ပွဲတိုင်း ရှုံးနိမ့်နေရပြီဖြစ်ကြောင်း CDM ဗိုလ်မှူးအောင်မျိုးသွင်က ပြောဆိုလိုက်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း အထက်အောက် ဖိနှိပ်နေခြင်း၊ ထိပ်ပိုင်း လူတစ်စုကောင်းစားရေးအတွက် အောက်ခြေတွင် အသက်ဘ၀များစွာ စွန့်နေရခြင်း၊ တိုင်းတစ်ပါးရန်ကို တိုက်ခိုက်နေရခြင်းမဟုတ်ဘဲ မိမိ၏ ပြည်သူ၊ မိမိ၏ ညီအစ်ကို တိုင်းရင်းသားများကို ပြန်လည် တိုက်ခိုက်နေရခြင်း၊ အရည်အချင်းရှိသော မြေပြင်တပ်မှူးများ CDM ဝင်လာကြခြင်း၊ စစ်မှုထမ်းဥပဒေအရ လူများစွာ ခေါ်ယူ နေသော်လည်း အရည်အချင်းမရှိဘဲ အရေအတွက်သာရှိ၍ တိုက်ပွဲတိုင်းတွင် ရှုံးနိမ့်လာနေရကြောင်း CDM ဗိုလ်မှူးအောင်မျိုးသွင်က ရှင်းပြသည်။
“အတွေ့အကြုံပိုင်းဆိုင်ရာမှာရှိခဲ့တဲ့ အဖွဲ့တွေက ပြည်သူ့ဘက်က ရပ်တည်လာကြတယ်။ အဲဒါက နံပါတ် ၁ ချက်အနေနဲ့ပေါ့။ နံပါတ် ၂ အချက်အနေနဲ့ကတော့ လက်ရှိ စစ်ကောင်စီက မတရား စစ်မှုမထမ်းမနေရ ဥပဒေတွေ ပြဋ္ဌာန်းတယ်၊ ပြည်သူတွေကို လူငယ်တွေကို မရ ရတဲ့နည်းနဲ့ စစ်မှုထမ်းစွမ်းဆောင် ရည် လုပ်ခိုင်းတွေရှိတယ်။ ဒီဟာတွေသည် စစ်ကောင်စီအတွင်းမှာ အတွေ့အကြုံရင့် ကျက်တဲ့ လူမရှိသလောက်ဖြစ်ပြီးတော့ နုနယ်တဲ့ လူတွေနဲ့ ဒါသည် တည် ဆောက်နေတာဖြစ်တဲ့အတွက်ကြောင့် ဒါသည် လက်ရှိ တိုက်ပွဲတိုင်း စစ်ပွဲတိုင်းမှာ နေရာတိုင်းမှာ ရှုံးနိမ့်နေရခြင်းဖြစ်တယ်။ တိုက်ခိုက်ခံနေရခြင်းဖြစ်ပါတယ်” ဟု CDM ဗိုလ်မှူး အောင်မျိုးသွင်က ရှင်းပြသည်။
အလားတူ CDM ဗိုလ်မှူးအောင်ကိုထွေးကလည်း ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တစ်စုကောင်းစားရေးအတွက် မြေပြင်တွင် ဘ၀များစွာ အသက်စွန့်နေကြသည်ကို အရာရှိနှင့်စစ်သည်များက နားလည်လာကြပြီဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။
“ဒီလူတစ်စုကောင်းစားရေး မြေပြင်မှာ ပေးဆပ်နေရတဲ့ဘ၀တွေက အများကြီး။ ဒါတွေအားလုံးကိုလည်း မြေပြင်မှာ လုပ်ဆောင်နေတဲ့ အရာရှိတွေအနေနဲ့ ခံစားလာရတယ်။ လက်ရှိ စစ်ကောင်စီက လူတွေကို မတရားဖမ်းဆီးပြီးတော့ တာဝန်ထမ်းဆောင်ခိုင်းတာတွေက အရေအတွက်ပဲရှိပြီးတော့ အရည်အချင်းမရှိဘဲဖြစ်တဲ့အတွက် တိုက်တိုင်းရှုံးနေရတယ်လို့ မြင်ပါတယ်” ဟု CDM ဗိုလ်မှူးအောင်ကိုထွေးက ရှင်းပြသည်။
ကမ္ဘာ့နိုင်ငံများရှိ မည်သည့်အစိုးရမဆို ပြည်သူထောက်ခံမှုမရှိလျှင် မအောင်မြင်သော သာဓက၊ ဥပမာများရှိနေပြီး လက်ရှိ စစ်ကောင်စီမှာလည်း ပြည်သူလူထု၏ ထောက်ခံမှုမရှိကြောင်း၊ ထို့ကြောင့် စစ်အာဏာရှင် စစ်တပ်လက်အောက်အတွင်းရှိ အရာရှိစစ်သည်များအားလုံးအနေဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး CDM ဝင်ကြရန် CDM ဗိုလ်မှူးအောင်မျိုးသွင်က တိုက်တွန်းသည်။
“ပြည်သူမပါရင် ဘာမှ လုပ်လို့မရပါဘူး။ ပြည်သူမပါရင် ဘယ်အစိုးရမှ ဘာမှ အကောင်အထည်ဖော်ခြင်းဘာမှ လုပ်လို့မရပါဘူး။ ကမ္ဘာ့နိုင်ငံတွေမှာလည်း သာဓကတွေ ဥပမာတွေ ရှိပါတယ်။ ကျနော်တို့ ညီတောင် နောင်တော် အရာရှိစစ်သည်တွေ အဓိက ပြည်သူ့ရင်ခွင် ခိုလှုံပြီး CDM အမြန်ဝင်ကြပါ” ဟု CDM ဗိုလ်မှူးအောင်မျိုးသွင်က တိုက်တွန်းသည်။
ပလက်၀ အခြေစိုက် စစ်ကောင်စီတပ်များမှ CDM ဗိုလ်မှူး အောင်မျိုးသွင် ဦးဆောင်သော အရာရှိ ၃ ဦး၊ စစ်သည် ၃၁ ဦး၊ ရဲမေ ၁ ဦး စုစုပေါင်း ၃၅ ဦး ပါဝင်သော တပ်ဖွဲ့က ယခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင်လည်းကောင်း၊ CDM ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်သော အရာရှိ ၃ ဦး၊ စစ်သည် ၂၃ ဦး စုစုပေါင်း ၂၆ ဦး ပါဝင်သော တပ်ဖွဲ့က ယခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင်လည်းကောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနထံတွင် CDM ဝင်၍ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြသည်။
ဆက်လက်ဖတ်ရှုရန်