ရန်ကုန်၊ နိုဝင်ဘာ ၁

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်နှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် လူငယ်များကို စစ်တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်း ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲမှုများနှင့် ငွေကြေးခြိမ်းခြောက်မှုများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့ နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယခု နိုဝင်ဘာလအတွင်း စတင်မည့် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲများနှင့် စစ်တပ်တို့ ပူးပေါင်းကာ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင် လူငယ်များကို လိုက်လံ ဖမ်းဆီးခြင်း၊ လမ်းဆုံလမ်းခွများတွင် အလုပ်သွား အလုပ်ပြန်၊ ကျောင်းသွားကျောင်းပြန် လူငယ်များကို အတင်းကျပ် ပေါ်တာဆွဲ ဖမ်းဆီးမှုများဖြစ်ပွားနေကြောင်း သိရှိရသည်။

“အင်းစိန် ပိန္နဲကုန်းရပ်ကွက် အုပ်ကြီး ကျော်ကျော်နိုင်၊ ကျော်ဦး၊ အောင်မော်၊ အောင်ကျော်ဆန်း တို့က စစ်မှုထမ်းမယ့် သူမရှိလို့ လူငယ်တွေကို လိုက် ဖမ်း နေတယ်။ စစ်မှုထမ်းစာရင်းပါတဲ့ အိမ်တွေကို လိုက်ဝင်ပြီး လူလိုက်ခေါ်တယ်။ လူငယ်မရှိရင် အိမ်မှာရှိနေတဲ့ သူတွေကို ခြိမ်းခြောက် ကြိမ်း မောင်းတယ်။ လူမရတော့ လမ်းမှာ တွေ့တဲ့သူ၊ ရတဲ့သူတွေဆွဲနေပြီ။ သူတို့ လိုက်ခေါ်တော့ တုတ်ဓား၊ လက်ထိပ်နဲ့ နံပါတ်တုတ်တွေပါပါတယ်။ အဖမ်းခံရတဲ့လူငယ်တွေလည်းရှိနေပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် အင်းစိန်မြို့နယ်၊ ကမ်းနားအလယ် ခေမာတောင်ရပ်ကွက်မှ ရာအိမ်မှူး လှဌေး၊ ဌေးဝင်းတို့က စစ်မှုထမ်းအပတ်စဉ် ၇ အတွ့်ဟုဆိုကာ ငွေကြေးများ အတင်းအကျပ်တောင်းခံနေကြောင်း၊ ငွေကြေးမပေးနိုင်သော အိမ်များမှ လူငယ်များသည် စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ အကယ်၍ ထွက်ပြေးပါက ကျန်ရစ်သူမိဘဆွေမျိုးများက လူစားရှာပေးရမည်ဟု ပြောဆိုကြောင်း သိရှိရသည်။

“အခုက မဲမဖောက်တော့ဘူး။ ငွေပေးနိုင်ရင် လွတ်မယ်။ ငွေမပေးနိုင်တဲ့ အိမ်က လူငယ်တွေကို ချောင်းဖမ်းတယ်။ ကိုယ့်အိမ်က တူသားတွေကိုတော့ ရှောင်ခိုင်းထားတယ်။ အခြေအနေက အတော်ကို ဆိုးဆိုးရွားရွားဖြစ်နေတယ်” ဟု အင်းစိန်၊ကမ်းနားအလယ် ခေမာတောင်ရပ်ကွက်မှ ပြည်သူတစ်ဦးက ဆိုသည်။

ထို့အတူပင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင်လည်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ စေလွှတ်သူဟုဆိုသည့် မြင့်အောင်က စစ်မှုမထမ်းလိုလျှင် ငွေကျပ် သိန်း ၂၀ ပေးရမည်ဟုဆိုကာ လိုက်လံတောင်းခံနေကြောင်း၊ ငွေကြေးမတတ်နိုင်သော ဆင်းရဲသားမိသားစုများမှ လူငယ်များကို စစ်မှုထမ်း တပ်သားသစ်အတွက် ဖမ်းဆီး စုဆောင်းပြီး ငွေကြေးတတ်နိုင်သူများကိုမူ ငွေကြေးလိုက်လံ ခြိမ်းခြောက် တောင်းခံနေကြောင်း သိရှိရသည်။

“စစ်မှုမထမ်းချင်ရင် ဒီလအတွက် လူငယ်တစ်ဦးကို သိန်း ၂၀ စီတောင်းတယ်။ ပြီးရင် ဆင်းရဲတဲ့လူငယ်တွေကို လူစားထည့်တယ်။ ပြီးတော့ ရပ်ကွက်ထဲမှာလည်း လုပ်ငန်းလုပ်တဲ့သူတွေကို ဘာကြေးညာကြေးဆိုပြီးကောက်ပါတယ်။ ရပ်ကွက်ထဲကလုပ်ငန်းအကြီးစားလုပ်တဲ့သူတွေဆီကနေ စစ်မှုထမ်းခွင့်ကိုလွတ်ငြိမ်းခွင့်ပေးမယ်။ တစ်လကို ၁၀ သိန်းပုံမှန်တောင်းတယ်။ ကြားပေါက် ဒီအပတ်စဉ်တစ်ခုတည်းမှာပဲ လွတ်ချင်ရင် သိန်း ၂၀ ။ လစဉ် ပုံမှန် စစ်မှု ထမ်း မပါချင်ရင် ၁၀ သိန်း အဲဒီလိုတွေ တောင်းနေတာ။

ဟိုတလောကလည်း ရပ်ကွက်ထဲမှာ စားအုန်ဆီ တန်းစီကတ်ထုတ်ပေးမယ်ဆိုပြီး သန်း ခေါင်စာရင်းနဲ့ဧည့်စာရင်းတွေ ထပ်တောင်းတယ်။ အဲဒီအထဲက အသက် ၁၈ နဲ့ အသက် ၃၅ နှစ်အတွင်း လူငယ်အိမ်တွေကို စာရင်းပြုစုပြီး စစ်မှုထမ်းစာရင်း ထပ်ထုတ်ပြီး လိုက်ခေါ်တယ်။ ဖြစ်နေတာက တောင်ဒဂုံအကုန်လုံးမှာ အဲဒါတွေ ဖြစ်နေတာ။ ရပ်ကွက်တစ်ခုတည်းမဟုတ်ဘူး” ဟု တောင်ဒဂုံမှ ပြည်သူတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၇ အတွက် ရန်ကုန်တိုင်းအတွင်းတွင် လူငယ်များ ကြိုတင်ရှာဖွေစုဆောင်းထားရန် အောက်တိုဘာလ နှောင်းပိုင်းတွှင် ညွှန်ကြားချက်တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ယခုနှစ်အတွင်း လက်နက်များလွယ်၍ ဖမ်းဆီးစစ်ဆေးမှုများ လုပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

ဆက်လက်ဖတ်ရှုရန်