ရန်ကုန်၊ နိုဝင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အနီးရှိ အုန္နဲပေါင်းကျေးရွာ ဘုန်းကြီးကျောင်းကို မျက်နှာဖုံးစွပ် သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ ကျောင်းထိုင်ဆရာတော် အရှင်က္ကုန္ဒကသီရိ ပျံလွန်တော်မူခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များက တရားခံများကို ဖမ်းဆီးနိုင်ရေး စုံစမ်းစစ်ဆေးရေး လုပ်ဆောင်နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


အောက်တိုဘာလ ၃၁ ရက်နေ့ ညပိုင်းတွင် ရေဦးမြို့ အနီးရှိ အုန္နဲပေါင်းကျေးရွာ ဘုန်းကြီးကျောင်းကို မျက်နှာဖုံးစွပ် သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းထိုင်ဆရာတော် အရှင်က္ကုန္ဒကသီရိ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သေနတ် သမားများ ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်လာစဉ် ကျောင်းအောက်ထပ်ရှိ ကိုရင်လေးများနှင့် ကျောင်းစောင့်ဖြစ်သူကို ဝမ်းလျားမှောက်ခိုင်ပြီး ဘုန်းကြီးကျောင်း အပေါ်ထပ်ကိုတက်၍ ကျောင်းထိုင်ဆရာတော် အရှင်က္ကုန္ဒကသီရိ အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်ခဲ့သော တရားခံများကို အမြန်ဆုံးဖမ်းဆီးနိုင်ရေး မြောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေး တပ်ဖွဲ့ပေါင်းစုံ ပူးပေါင်း၍ စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“ဘုန်းကြီးအပေါ်ကို နိုင်ငံရေးနဲ့ မသက်ဆိုင်ဘဲ အငြိုးကြီးကြီးနဲ့ ပစ်သတ်သွားတာလို့ ယူဆနေကြတယ်။ ဆရာတော်က တအားတော်တဲ့ ဘုန်းကြီးတစ်ပါး တစ်ရွာလုံးကလည်း ချစ်ခင်လေးစားကြတယ်။ ဆရာတော်က နိုင်ငံရေးနဲ့ မပတ်သက်ဘူး။ တရားကိစ္စတွေပဲ လုပ်တာပါ။ ဆေးခန်းကို လိုက်ပို့နိုင်ခဲ့ပေမယ့် ကျည်ထိမှန်ချက်တွေ များတာကြောင့် အသက်ပါ မလာတော့ဘူးလို့ သိရတယ်။ ကျောင်းဝင်းအတွင်းမှာ ရပ်ထားတဲ့ ကား ၂ စီးကိုလည်း သေနတ်သမားတွေက မလိုက်နိုင်အောင် ကားဘီးတွေ ပစ်ဖောက်ထားခဲ့တယ်။ ဘုန်းကြီးမွေးထားတဲ့ ခွေးကြီး ၁ ကောင်ကိုလည်း ပစ်သတ်သွားတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။

အုန္နဲပေါင်းကျေးရွာသည် ရေဦးမြို့နယ် မြောက်ဘက်ခြမ်းတွင် တည်ရှိပြီး အောင်သာယာပျူစောထီးရွာနှင့် ရေဦးမြို့အကြားတွင်ရှိသော ကျေးရွာတစ်ရွာဖြစ်ကြောင်း၊ ရေဦးမြို့နှင့် ၅ မိုင်ခန့်သာကွာဝေးပြီး အောင်သာယာပျူစောထီးရွာနှင့်လည်း ၅ မိုင်ခန့်သာ ကွာဝေးကြောင်း သိရှိရသည်။

ဆရာတော် အရှင်က္ကုန္ဒကသီရိသည် သက်တော် ၄၃ နှစ် နှင့် ဝါတော် ၂၃ ဝါရှိပြီး အုန္နဲပေါင်းကျေးရွာမှ ပြည်သူအားလုံးက ဆရာတော်ကို လေးစားချစ်ခင်ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်