ဟန်နွေ/People’s Spring
မြန်မာ-တရုတ်နယ်စပ် ချီဖွေမြို့နယ်အတွင်းရှိ၊ ဖီမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်
(KIA)က ယနေ့ (နိုဝင်ဘာ ၂) သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ကနဦး သတင်းရရှိသည်။
နိုဝင်ဘာ ၂ရက် ညနေ ၅နာရီခွဲတွင် သိမ်းပိုက်နိုင်ခြင်းဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ ထွက်ပြေးသွားကြောင်း သတင်းရင်းမြစ်က ပြောသည်။
KIA ပူးပေါင်းတပ်သည် ဖီမောမြို့ သွားလမ်းရှိ နောက်ဆုံးလက်ကျန် နယ်ခြားစောင့်တပ်ဖွဲ့ BGF -၁၀၀၁ တပ်ရင်းဌာနချုပ်ကို အောက်တိုဘာ ၃၁ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက်နယ်စပ်မြို့ငယ်ဖြစ်သော ဖီမော်ကို မတိုက်ခိုက်ရဘဲ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ဖီမော်မြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်သည်ဟု နိုဝင်ဘာ ၂ ရက် ညပိုင်း၌ အတည်ပြုသည်။
ထိုအပြင် တတိယမြောက်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း တရုတ်နယ်စပ် ဖီမောမြို့ကို နိုဝင်ဘာ ၂ရက် ညနေ ၆နာရီတွင်KIA ပူးပေါင်းတပ်ဖွဲ့များက အလုံးစုံသိမ်းပိုက် နိုင်ပြီဖြစ်သည်ဟု ပြောသည်။ ဖီမော်ဒေသရှိ စစ်ကောင်စီတပ်အလံကို KIA တပ်ဖွဲ့ဝင်များက ဖြုတ်ချနေသည့် ရုပ်သံမှတ်တမ်းကိုလည်းသတင်းရင်းမြစ်က ပြသသည်။
ဖီမော်မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့်စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁) တစ်ခုလုံးကို သိမ်းပိုက်နိုင်တော့မည်အခြေအနေဖြစ်လာသည်။ ကချင်အထူးဒေသ(၁)နယ်မြေရှိ ကန်ပိုက်တီမြို့နှင့် ဒေသအချို့သာKIAက သိမ်းရန် ကျန်ရှိတော့သည်။
KIA အနေဖြင့် ကန်ပိုက်တီမြို့လုံခြုံရေးတပ် ဖြစ်သည့် BGF ၁၀၀၃ တပ်ရင်းကိုလည်း အောက်တိုဘာ ၂၁ရက်က သိမ်းပိုက်ပြီးဖြစ်သည်။ ထို့ပြင် BGF ၁၀၀၂ နှင့် ပန်ဝါမြို့၊ချီဖွေမြို့၊ ဆော့လော်မြို့တို့ကို ပြီးခဲ့သည့် တစ်လအတွင်း တိုက်ခိုက်သိမ်းပိုက်ထားသည်။ ဆော့လော်မြို့နယ် မြန်မာ -တရုတ်နယ်စပ် ဘီပီ-၇ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကိုလည်း ယနေ့ နေ့လည်တွင် KIAက သိမ်းပိုက်ခဲ့သည်။
ပြီးခဲ့သည့် ဇွန်လကလည်း ဆဒုံးဒေသရှိ စစ်ကောင်စီတပ်စခန်း ၂၀ကျော်ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီးဖြစ်သည်။
ထို့ကြောင့် KIA အနေဖြင့် နောက်ဆုံးကျန်နေသည့် ကန်ပိုက်တီမြို့ကိုသိမ်းပိုက်နိုင်ပါက ကချင်အထူးဒေသ(၁) နယ်မြေတစ်ခုလုံးလိုလိုသိမ်းပိုက်နိုင်ပြီဖြစ်သည်။ ကန်ပိုက်တီမြို့ သိမ်းရန် အခက်ကြုံနေခြင်းမှာတရုတ်အစိုးရက ဖိအားပေးနေခြင်းကြောင့်ဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း တရားဝင် နယ်စပ်မြို့ဖြစ်သည့် ကန်ပိုက်တီ၌ လတ်တလော စစ်ရေး ထူးခြားမှုမရှိကြောင်း ယမန်နေ့ နိုဝင်ဘာ ၁ရက်တွင်ပြောသည်။
“တရားဝင် နယ်စပ်ဂိတ်လည်းဖြစ်ပါတယ် ကျနော်တို့ KIO အနေနဲ့လည်း အဲဒီ နယ်စပ်ဂိတ်ကို ထူးပြီးမှ ဂရုစိုက်နေပါတယ်။ စစ်ရေး အခြေအနေက ခုထက်ထိတော့ ဘာမှထူးခြားမှုမရှိဘူး”ဟု ဗိုလ်မှူးကြီး နော်ဘူကကန်ပိုက်တီ အခြေအနေကို ပြောပြသည်။
ယခု ဖီမောမြို့ သိမ်းပိုက်နိုင်မှု အခြေအနေအပါအဝင် စစ်ရေးအခြေအနေများကိုလည်း ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
(KIA တပ်ဖွဲ့ဝင်များ / ဖီမော်မြို့ နှင့် ဖီမော်အပါအဝင်ကချင်ပြည်နယ်မြေပုံ။ဓါတ်ပုံ-CJ)
ဆက်လက်ဖတ်ရှုရန်