နိုဝင်ဘာ ၅ – ၂၀၂၄
နေပြည်တော် အေလာလေဆိပ်မှာ ဒီကနေ့ နိုဝင်ဘာ ၅ ရက်၊ မနက် ၈ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အေလာလေယာဥ်ကွင်းရှိ လေယာဥ်ပြေးလမ်းနဲ့ ကားပါကင်ကြား ခြုံပုတ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ကနဦး သိရပြီး စစ်ဆေးချက်အရ PVC ပိုက်နဲ့ ပြုလုပ်ထားတဲ့ ဗုံးဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ဒေသခံတယောက်က “ကျွန်မတို့ သိတာတော့ လေယာဉ်ပြေးလမ်းပေါ်မှာလို့ သိရတယ်။ ပေါက်ကွဲသံက နှစ်ချက်၊ တချက်ကတော့ အကျယ်ကြီးပဲ။ ကျွန်မတို့ကြားတာတော့ မနက် ၉ နာရီ၊ ၁၅ မိနစ်လောက်က ကြားတာ။ ပထမတချက်ကတော့ ဘာသံမှန်း မသဲကွဲဘူး။ နောက်တချက်ကျမှ အသံအကျယ်ကြီးထွက်လာတာ။ ကျွန်မတို့က လေယာဉ်ပျက်ကျတယ် ထင်နေတာ” လို့ ပြောပါတယ်။
ပေါက်ကွဲသံတွေ ထွက်ပေါ်လာပြီးနောက် နစက လေယာဉ်တွေ ကောင်းကင်ပေါ် ခေါက်တုံ့ခေါက်ပြန် ဝဲပျံနေတာကိုလည်း တွေ့ရတယ်လို့ သူက ပြောပါတယ်။
နောက်ထပ် ဒေသခံတယောက်က တော့ “ပေါက်ကွဲမှုလည်း ဖြစ်ပြီးရော ကျွန်တော်တို့တဲနားမှာ တတီတီနဲ့ ကျလာလို့ အသံကြားလို့ သွားကြည့်ကြတာ။ ဒရုန်းပုံစံ သေးသေးလေးတခုတွေ့တယ်။ နေရာကတော့ အေလာလေဆိပ်နားက ရန်အောင်ချမ်းသာ ထိုင်တော်မူဘုရားကြီးနဲ့ဆို တမိုင်လောက် ဝေးတဲ့နေရာပေါ့။ ဘုရားကြီးလမ်းရဲ့ ဘယ်ဘက်ခြမ်းမှာ။ ခဏနေတော့ နစက လုံခြုံရေးတပ်ဖွဲ့တွေ အများကြီးရောက်လာပြီး စစ်နေတာအကြာကြီးပဲ။ လိုက်လည်း ရှာကြတယ်။ ဒရုန်းကတော့ တောက်လျှောက် တတီတီနဲ့ အော်နေတာ။ လုံခြုံရေးတပ်ဖွဲ့တွေ ရောက်လာတော့ ကျွန်တော်တို့လည်း ပြန်လာရတာပေါ့။ အခု နေ့လယ် ၁၂ နာရီခွဲလောက်ကျတော့ အဲဒီ ဒရုန်းတွေ့တဲ့ နေရာကနေ ပေါက်ကွဲသံတချက် အကျယ်ကြီး ကြားလိုက်ရတယ်။ သူတို့ ဖောက်ခွဲ ဖျက်စီးလိုက်တာလားတော့ မသိဘူး” လို့ ပြောပါတယ်။
လက်ရှိ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘဲ VOM အနေနဲ့ ဆက်လက် စုံစမ်းနေဆဲဖြစ်သလို နစကဘက်ကလည်း အေလာလေဆိပ် ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ လက်ရှိအချိန်အထိ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဒီပေါက်ကွဲမှုဟာ နစကဥက္ကဋ္ဌ တရုတ်နိုင်ငံကို ထွက်ခွာသွားပြီး နောက်ပိုင်းမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
နစကဥက္ကဋ္ဌအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ဖို့ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ တပ်မတော်လေဆိပ်ဘက်ခြမ်းကနေ MAI လေကြောင်းလိုင်းနဲ့ ဒီကနေ့ မနက်ပိုင်းက တရုတ်နိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
အေလာလေဆိပ်မှာ အခု ၂၀၂၄ ခုနှစ်အတွင်း ပေါက်ကွဲမှုတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့တာမှာ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့ကလည်း PDF အထူးတပ်ဖွဲ့ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အေလာလေယာဉ်ကွင်းရှိ စစ်တပ်နဲ့ဆိုင်တဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ထားရှိရာကွင်းဘက်ကို ကျရောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဇူလိုင်လ ၁၆ ရက်နေ့ကလည်း အေလာလေဆိပ်ကို ရှော့တိုက်ဒုံး ခုနစ်လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး လေယာဉ် သုံးစီး ပျက်စီးခဲ့သလို အရာရှိအပါအဝင် တပ်သား ၁၆ ယောက်လည်း သေဆုံးသွားခဲ့တယ်လို့ တိုက်ခိုက်မှု လုပ်ဆောင်ရာမှာ ပါဝင်ခဲ့တဲ့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။
Photo:CJ
ဆက်လက်ဖတ်ရှုရန်