ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၅ရက်
အမ်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အနီးရှိ စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေးတပ်ကို အာရက္ခတပ်တော် (AA) က ထပ်မံသိမ်းပိုက်လိုက်ကြောင်း သိရသည်။
စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့တွင် AA က ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက Y 12 လေယာဉ်များနှင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ခမရ ၃၇၃ ဆေးတပ်၊ အမှတ် (၂) တပ်မ တော်ဆေးရုံ၊ စရဖတပ်တို့နှင့်လေကြောင်း ကာကွယ်ရေးတပ်တို့သည် တဆက်တည်း တည်ရှိနေပြီး AA က မဲတောင်မှစ၍ အဆိုပါတပ်ရင်းတပ်ဖွဲ့အားလုံးကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခု အမ်းမှာက နေရာလေးခုထက်မနည်း တိုက်ပွဲ ဖြစ်နေတယ်။ ပဲပဒုံ၊ ဒိုင်ကြီး၊ ခမရ ၃၇၁၊ တပ်ဆေးရုံ နားမှာ တိုက်ပွဲပြင်းထန်နေတယ်။ မနေ့ကတော့ တပ်ဆေးရုံဘက်ကို စစ်ကူသွားတဲ့တပ်တွေ နောက်ပြန်လန်သွားတယ်လို့ သိရတယ်။ ဒရုန်းနဲ့လေကြောင်း အကာအကွယ်တွေအတွက် အဓိကဖြစ်တဲ့ လေကြောင်းကာကွယ် ရေးတပ်လည်း ကျသွားပြီ။ မဲတောင်ကနေ နပခ ဂိတ်အနီး ဘယ်တပ်မှ မကျန်တော့ဘူး” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီသည် အမ်းမြို့နယ် တစ်မိုင်ကုန်းနှင့် ၎င်းတို့၏ ဂေါက်ကလပ်အနီးဝန်းကျင်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့က Y 12 လေယာဉ်ဖြင့် ဗုံးကြဲကာ နယ်မြေရှင်းလင်းပြီးနောက် ရဟတ် ယာဉ်လေးစင်းဖြင့် စစ်ကူအင်အားဖြည့်ခဲ့ကြောင်း သိရသည်။
AA သိမ်းပိုက်ထားသည့် အမှတ် ( ၂) ကုတင် ၃၀၀ ဆံ့ တပ်မတော်စစ်ဆေးရုံ တဆရ ၂/၃၀၀ တမာတော ဆေးရုံဘက်ကိုလည်း စစ်ကောင်စီက စစ်အင်အား ဖြည့်တင်းကာ ပြန်လည်ထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားနေကြောင်း သိရသည်။
ထို့အပြင် ဂျင်တောင်အနီး ဒိုင်ကြီးကျေးရွာတွင် စစ် ကောင်စီတပ်များ အခြေပြုတပ်စွဲလာသည့် အတွက် AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒေသခံများဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။
ထို့အပြင် အမ်းမြို့နယ်၊ မြို့သစ်ရပ်ကွက်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၃၇၁ အနီးဝန်းကျင်တွင်လည်း တိုက်ပွဲဖြစ်ပွားနေပြီး မြေပြင်ထောက်ပို့လမ်းကြောင်း ပိတ်ဆို့ခံထားရသည့် အတွက် ခမရ ၃၇၁ ကို AA သိမ်းပိုက်နိုင်တော့မည်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီ၏ ဗျူဟာသုံးခုနှင့် တပ်ရင်း တပ်စခန်းပေါင်း ၁၂ ခုကျော်ကို AA က သိမ်းပိုက်ထားနိုင်ခဲ့ပြီး စစ်ကောင်စီက လေ ကြောင်းပစ်ကူအတွက် ပုသိမ်နှင့် မကွေးမှ လေကြောင်းပစ်ကူကို အဓိကအားထားနေရကြောင်း သိရသည်။
ပုံစာ- အမ်းလေဆိပ်နှင့် သံတွဲမောင်ရွှေလေးရေတပ်(ပုံဟောင်း)