နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ကနီမြို့နယ် တပုန်းကျေးရွာမှာ NUG ပညာရေးမှူးအပါအဝင်မိသားစုဝင် ၃ ဦးကို ယမန်နေ့က အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိသားစုဝင်သုံးဦး အသတ်ခံရတဲ့အထဲမှာ ၃ လသားအရွယ်ရှိတဲ့မိန်းကလေးတဦးပါဝင်ခဲ့ပြီး သူ့တို့ကို ​ဘာ့ကြောင့် အသတ်ခံရတယ်ဆိုတာ ဘယ်သူမှမသိကြသေးဘူးလို့ ပြောပါတယ်။

“ကနီမြို့နယ် ပညာရေးမှူးပါ။ NUG က ခန့်အပ်ထားတဲ့ ပညာရေးမှူး။ တပုန်းရွာလည်ခေါင်မှာနေတာ။ သူတို့က မနက်ဆိုရင် ၈ နာရီလောက်မှ အိပ်ယာထကြတာ။ အိပ်ယာမထသေးတာနဲ့ သွားကြည့်တော့မှ မိသားစု ၃ ဦးစလုံး အသတ်ခံရတယ်ဆိုတာ သိရတာ။ လည်လှီးပြီး သတ်ခံရတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ကနီမြို့နယ် သုံးလောင်းပြိုင်လူသတ်မှုနဲ့ ပက်သက်ပြီး သက်ဆိုင်ရာအဖွဲ့အသီးသီးတွေက တရားခံကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် စုံစမ်းထောက်လှမ်းနေတယ်လို့ သိရပါတယ်။

အသတ်ခံရတဲ့မိသားစုဝင်သုံးဦးမှာ NUG က ခန့်အပ်ထားတဲ့ ကနီမြို့နယ် ပညာရေးမှူး ဦးဝင်းဌေးဖြစ်ပြီး ဇနီးဖြစ်သူ မခြိမ့်ခြိမ့်သဲ၊ သမီးဖြစ်သူ ရွှေဝတ်ရည်လွှာတို့ဖြစ်ကြပါတယ်။

ကနီမြို့နယ် ပညာရေးတာဝန်ခံနဲ့ မိသားစု အသတ်ခံရမှု ကျူးလွန်သူများကို အရေးယူမယ်လို့ NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပညာရေးတာဝန်ခံဦးဝင်းဌေး မိသားစု အသတ်ခံရမှုနဲ့ပက်သက်လို့ ကျူးလွန်သူများကို အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနအနေနဲ့ ဦးဝင်းဌေး၊ ဇနီးဖြစ်သူ မခြိမ့်ခြိမ့်သဲ ၊ သမီးဖြစ်သူဖြစ် ရွှေဝတ်ရည်လွှာတို့ သုံးဦး အသတ်ခံရမှုအတွက် လွန်စွာကြေကွဲဝမ်းနည်းရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဖြစ်စဉ်အမှန်ပေါ်ရောက်ရေးနဲ့ အမိန့်ပေးစေခိုင်းသူတွေ ကျူးလွန်သူအားလုံးကို ဖော်ထုတ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ကနီမြို့နယ် ပညာရေးတာဝန်ခံအဖြစ် ခန့်အပ်ထားတဲ့ ဦးဝင်းဌေးအပါအဝင် မိသားစုဝင် သုံးဦးဟာ ကနီမြို့နယ် တပုန်းရွာမှာ အိမ်အငှားနဲ့ နေထိုင်ကြတာဖြစ်ပါတယ်။

မျက်မှောက်​ခေတ်

ဆက်လက်ဖတ်ရှုရန်