Update News- မိထ္တီလာရှိ ရှမ်းတဲလေတပ်စခန်း အပြင် လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၉၉ ၊ ကပစတပ်များပါ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ
ရန်ကုန်၊ နိုဝင်ဘာ ၁၁
မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်ရှိ ရှမ်းတဲလေတပ်စခန်းအပြင် လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၉၉ ၊ ကပစတပ်များပါ ယနေ့ နံနက်ပိုင်းရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရကြောင်း မိတ္တီလာအခြေစိုက် သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ၄ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် ရှမ်းတဲလေတပ်သို့ ရှော့တိုက်ဒုံး ၁၃ လုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အခြားသော တပ်ရင်းစခန်းများဖြစ်သည့် လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၉၉ ၊ ကပစတပ်များပါ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရကြောင်း သိရှိရသည်။
“ရှမ်းတဲလေတပ်အပြင် လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၉၉ ၊ ကပစတပ်တွေလည်း အပစ်ခံရတယ်လို့ သိရတယ်။ ရှမ်းတဲလေတပ်ထဲကိုတော့ ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲတာ အတည်ပြုလို့ရတယ်။ ထိခိုက်မှုဘယ်လောက်ရှိလဲ မသိရသေးဘူး” ဟု မိတ္တီလာဒေသသတင်းရင်းမြစ်က ဆိုသည်။
လတ်တလော မိထ္တီလာတွင် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ထားပြီး မိတ္တီလာမြို့နယ် ပတ်ဝန်းကျင်မှ ကျေးရွာများမှာ စစ်ကောင်စီ၏ စစ်ကြောင်းထိုး စီးနင်းခံရမည်ကို ဒေသပြည်သူများက စိုးရိမ်နေကြကြောင်း ယင်းဒေသမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ပစ်သွားတာကတော့ မြို့ပြင်တွေကနေ ပစ်သွားတာလို့ ယူဆနေကြတယ်။ မြို့ပြင်ဘက်က ရွာတွေကို ရမယ်ရှာ စစ်ကြောင်းထိုးလာမှာ ကြောက်နေရတယ်” ဟု မိတ္တီလာမြို့နယ်မှ ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက် မိတ္တီလာတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ကင်းလှည့်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
Breaking News- မိတ္တီလာအခြေစိုက် ရှမ်းတဲလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား
မန္တလေးတိုင်း၊ မိတ္တီလာအခြေစိုက် ရှမ်းတဲလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၃ လုံးဖြင့် ယနေ့ နံနက်အစောပိုင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း မိတ္တီလာဒေသပြည်သူများနှင့် တပ်ဘက်သတင်းရင်းမြစ်တချို့က အတည်ပြုပြောဆိုသည်။
ယနေ့ နံနက် ၄ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် မိတ္တီလာ ရှမ်းတဲလေတပ်စခန်းအတွင်းသို့ ဦးတည်သော ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လတ်တလော ထိခိုက်မှုများရှိသည်ဟု သိရှိထားပြီး အသေးစိတ်အခြေအနေများ မသိရှိရသေးကြောင်း တပ်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။
“ရှမ်းတဲလေတပ် ဒုံးနဲ့ အပစ်ခံရတာတော့ မှန်တယ်။ အသေးစိတ် ဘာမှ မသိရသေးဘူး။ အခုနောက်ပိုင်းမှာ လေတပ်စခန်းတွေ ရှော့တိုက်ဒုံးနဲ့အပစ်ခံရရင် အပြင်ကို သတင်းမထွက်ဘူး။ တပ်အချင်းချင်းလှမ်းမေးရင်တောင် မဖြေကြတော့ဘူး” ဟု ရန်ကုန်ခေတ်သစ်၏ တပ်သတင်းရင်းမြစ်က ဆိုသည်။
မိတ္တီလာဒေသပြည်သူများကလည်း ယနေ့ နံနက်ပိုင်းတွင် ရှမ်းတဲလေတပ်စခန်းအတွင်းမှ ပေါက်ကွဲသံများ ဆက်တိုက်ကြားရကြောင်း၊ လက်ရှိ မိတ္တီလာမြို့တစ်ဝန်းတွင် စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများရှိနေကြောင်း ပြောဆိုကြသည်။
“ဒီမနက်ပိုင်း ပေါက်ကွဲမှုတွေ ဖြစ်တယ်။ လေတပ်ပတ်ဝန်းကျင်မှာ ပေါက်ကွဲသံတွေကြားရတာ။ ဆက်တိုက်ပဲ။ ဒီမနက်ပိုင်း မြို့လယ်တံတား၊ မိတ္တီလာမြို့ထဲပတ်ဝန်းကျင်တချို့ကို ပိတ်ဆို့ စစ်ဆေးတာရှိတယ်” ဟု မိတ္တီလာမြို့ခံတစ်ဦးက ဆိုသည်။
ယခုနှစ် နိုဝင်ဘာ ၅ ရက်နေ့ ရန်ကုန်ရှိ မင်္ဂလာဒုံလေတပ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် မှော်ဘီလေတပ်တို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။