မျက်မှောက်ခေတ်၊ နိုဝင်ဘာလ ၁၃
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲမှာရှိတဲ့ ပုလဲမြို့ကို နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ဗမာအမျိုးသား တော်လှန်ရေးတပ်မတော်(BNRA)ကထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိအချို့ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်
တွေက မျက်မှောက်ခေတ်သတင်းဌာနကို ပြောပါတယ်။
ပုလဲမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီအချိန်မှာ မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီး ၃ ရက်အကြာမှာ မြို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ၊ နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။
“ပုလဲမြို့က သိမ်းပြီးပြီ။ မြို့ပျက်ကြီးဖြစ်နေပြီ။ လေယာဉ်ကတော့ မနက်ပိုင်း အကြိမ်ရေများတယ်။ပစ်တာရော ဗုံးသီးချတာရော။ ဒီနေ့ညနေကြတော့ လေယာဉ်နဲ့ ခြောက်ခေါက်လာပစ်တယ်။ဗုံးသီးလည်း ချတယ်။ မြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမရှိတော့ဘူးကြားတယ် ” လို့ စစ်ရေးသတင်းအရင်း အမြစ်က မျက်မှောက်ခေတ်သတင်းဌာနကို ပြောပါတယ်။
ဒါ့အပြင် ပုလဲမြို့သိမ်းတိုက်ပွဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် အရှင် ၂၀ ဉီးနဲ့ စစ်တပ်အရာရှိ ၅ ဉီးကိုလည်း အသက်ရှင်လျှက် ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA)က ဖမ်းဆီးရမိခဲ့တဲ့အကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး ဒီအခြေအနေနဲ့ ပက်သက်ပြီး မျက်မှောက်ခေတ်သတင်းဌာနအနေနဲ့ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ပါတယ်။
ယင်းမာပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားတဲ့ မြို့နယ် လေးမြို့နယ်အထိရှိပြီး ယင်းမာပင် ၊ ဆားလင်းကြီး ၊ ကနီ ၊ ပုလဲ စတာတွေဖြစ်ကြပြီး ဒီလေးမြို့နယ်အထဲက ပုလဲမြို့ကို စစ်ကောင်စီတပ်ဘက်က လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန်