ရန်ကုန်၊ နိုဝင်ဘာ ၁၈
ကိုးကန့် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်နိုင်ငံက အကျယ်ချုပ် ဖမ်းဆီးထားသည်ဆိုသော သတင်းကို MNDAA သတင်းရင်းမြစ်တစ်ခုက ငြင်းဆိုသည်။
ယနေ့ လူမှုကွန်ရက်တွင် လားရှိုးကို စစ်ကောင်စီထံသို့ ပြန်မပေးမှုဖြင့် တရုတ်အစိုးရက MNDAA ခေါင်းဆောင်ကို အကျယ်ချုပ်ဖမ်းဆီးထားပြီဆိုသော သတင်းများ ပြန့်နှံ့လာပြီး ယင်းသတင်းနှင့်ပတ်သက်၍ MNDAA သတင်းရင်းမြစ်က ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
“မဟုတ်ပါဘူး။ အဲဒီသတင်းက” ဟု MNDAA သတင်းရင်းမြစ်က ဆိုသည်။
စစ်မြေပြင်တွင်ရှိနေသော MNDAA အခြားတပ်မှူး သတင်းရင်းမြစ်တစ်ခုကလည်း လားရှိုးမြို့တွင် ကိုးကန့်တပ်များက မြို့ ပြန်လည် ပုံမှန်အတိုင်း လည်ပတ်ရေး အားသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိပြီး ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး ၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်း မာရေး ကောင်း မွန်သော ယန္တရားများ ဖြစ်ပေါ်လာစေရန် ဆောင်ရွက်နေကြောင်း၊ လားရှိုးမြို့မှ ပြန်လည် ဆုတ်ခွာမည်ဆိုသော ကောလာဟလ သတင်းများ၊ လားရှိုးမြို့ကို ပြန်လည်ပေးအပ်မည်ဆိုသော သတင်းများမှာ ရည်ရွယ်ချက်ရှိရှိ တမင်တကာ ပြိုကွဲပျက်စီးစေရန် ထုတ်လွှင့်နေခြင်းဖြစ်သည်ဟု ဆိုသည်။
“မြေပြင်မှာတော့ ပုံမှန်အတိုင်း လုပ်စရာရှိတာလုပ်နေကြပါတယ်။ လုံခြုံရေး၊ ပညာရေး ၊စီးပွားရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး ဒါတွေကို လည်ပတ်နိုင်အောင် လုပ်ဆောင်နေပါတယ်။ လားရှိုးမြို့ပေါ်မှာ လေယာဉ်တွေနဲ့သာ ဗုံးလာမကျဲရင် အခုထက်တောင် ပိုပြီးတော့ စည်းကားသိုက်မြိုက်နေပါပြီ။ လားရှိုးကို ဘယ်သူ့ကို ပြန်ပေးရမှာလဲ” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
လောက်ကိုင်အခြေစိုက် MNDAA သတင်းရင်းမြစ်ကမူ ၎င်းတို့၏ ခေါင်းဆောင်အနေဖြင့် ဆေးကုသရန်အတွက် တရုတ်နိုင်ငံဘက်သို့ သွား ရောက်ရမှုများရှိကြောင်း၊ ကျန်းမာရေးအရ ဆေးစစ်ခြင်း၊ ဆေးကုသရခြင်းတို့ကို တရုတ်ဘက်သို့ မကြာခဏ သွားရောက်လေ့ရှိကြောင်း၊ အကျယ်ချုပ် ဖမ်းဆီးခံထားရသည်ဆိုသော သတင်းမှာ လွဲမှားသော အဓိပ္ပာယ် ကောက်ယူမှုဟု ဆိုနိုင်ကြောင်း၊ တရုတ်ဘက်တွင် ရှိနေနိုင်ကြောင်း ပြောဆိုသည်။
“သူ တရုတ်ပြည်ကိုတော့ မကြာခဏ ဆေးသွားကုသမှု ခံယူလေ့ရှိတယ်။ တရုတ်ဘက်ကတော့ အကြောင်းအမျိုးမျိုးနဲ့ မကြာခဏသွားလေ့ရှိတယ်။ အခုလည်း ဒီဘက်မှာ မရှိရင် တရုတ်ဘက်မှာ ရှိနိုင်ပါတယ်။ ဒါပေမယ့် တရုတ်ဘက်မှာ အကျယ်ချုပ် ဖမ်းဆီးခံရတယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ အဲဒါကတော့ အဓိပ္ပာယ် လွဲမှားတယ်” ဟု လောက်ကိုင်မှ MNDAA သတင်းရင်းမြစ်က ဆိုသည်။
တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုကမူ MNDAA ခေါင်းဆောင်သည် တရုတ်နိုင်ငံဘက်သို့ လွန်ခဲ့သော ၁ လကျော်ကတည်းက သွားရောက်ခဲ့ပြီး လက်ရှိအချိန်အထိ ပြန်လည် မရောက်လာကြောင်း၊ သို့ရာတွင် ဖမ်းဆီးခံရခြင်းမဟုတ်ကြောင်း ပြောဆိုသည်။
“သွားတာ ၁ လကျော်ပြီ။ ဖမ်းတယ်ဆိုတာ မဟုတ်ပေမယ့် တရုတ်ကနေ မပြန်ခိုင်းတာတော့သေချာတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ဖုန်တာရွှင် ခေါင်းဆောင်သော ကိုးကန့် MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ် ညီနောင် တပ်ဖွဲ့ ၃ ခုက ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ၏ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဩဂုတ်လ ၃ ရက်နေ့တွင် အပြီးသတ် သိမ်းယူခဲ့သည်။
ဆက်လက်ဖတ်ရှုရန်