အီယိုရီ၊ယောနသံ /People’s Spring
ကိုးကန့်တပ်မတော်(MNDAA)ခေါင်းဆောင် ဖုန်တာရွှင်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ဆေးကုသမှုခံယူနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ယနေ့(နိုဝင်ဘာ ၁၉ရက်)ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ Lin Jian က MNDAA ခေါင်းဆောင်ဖုန်တာရွှင်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၌ ဆေးကုသမှုခံယူနေကြောင်း ပြောကြားသည်။
“မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ခေါင်းဆောင်ဖုန်တာရွှင်ဟာ ဆေးကုသမှုခံယူဖို့အတွက် တရုတ်နိုင်ငံလာရောက်ဖို့ အစောပိုင်းက လျှောက်ထားခဲ့ပါတယ်။ (သူဟာ)လက်ရှိ ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ပြန်လည်သက်သာလာပြီဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
သို့သော် MNDAA ခေါင်းဆောင် မည်သည့်အချိန်က တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီး တရုတ်အစိုးရ သို့မဟုတ် ယူနန်ပြည်နယ်အစိုးရက ဖုန်တာရွှင်ကို မည်သို့ထားရှိသည်ကိုမူ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
ယမန်နေ့(နိုဝင်ဘာ ၁၈ရက်)ညနေပိုင်းတွင် တရုတ်နိုင်ငံက MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို နေအိမ်အကျယ်ချုပ်ထားရှိကာ MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်ပေးအပ်ရန် ဖိအားပေးနေကြောင်း မြန်မာသတင်းဌာန ၄ ခုထက်မနည်းက တိုင်းရင်းသားတော်လှန်ရေးသတင်းရင်းမြစ်များအား ကိုးကားကာ ရေးသားဖော်ပြခဲ့ကြသည်။
ဖုန်တာရွှင်သည် ပြီးခဲ့သည့်အောက်တိုဘာလက တရုတ်နိုင်ငံသို့သွားရောက်ခဲ့စဉ် တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ပြန်ခွင့်မရတော့ဘဲ ထိန်းသိမ်းခံရခြင်းဟုMNDAAတရုတ် ရွှေလီအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူ အချို့က ပြောသည်။
အဆိုပါသတင်းကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြီးနောက် မြန်မာနိုင်ငံရေးအပေါ် အကြီးအကျယ်ဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရကို မြန်မာပြည်သူလူထုနှင့် နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်ခဲ့သည်။ ထို့နောက်နိုဝင်ဘာ ၁၉ ရက်တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်အစိုးရက ဖုန်တာရွှင်အကြောင်း အသိပေးလာခြင်းဖြစ်သည်။သို့သော် တိကျသည့်အဖြေမဟုတ်ကြောင်း မန္တလေးမြို့မှ တရုတ်နွယ်ဖွားအချို့နှင့် ကိုးကန့်တိုင်းရင်းသားအချို့ကပြောသည်။
” တရုတ်အစိုးရထုတ်ပြန်ချက်ကိုက ရှင်းရှင်းလင်းလင်းရှိမနေပါဘူး။ ဖမ်းထားခံရတယ်လို့ သတင်းထွက်နေချိန်မှာ သူတို့အနေနဲ့ ဖမ်းတယ်၊မဖမ်းဘူးပဲ ရှင်းရှင်းလင်းလင်းပြောသင့်တယ်။ အခုက ဆေး
ကုနေတယ်ဆိုတာပဲပြောနေတယ်။ ကျမတို့ ကြားရတဲ့သတင်းအရလည်း ဆေးကုနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ထိန်းသိမ်းထားတာပါ။ ဒီထက်ရှင်လင်းအောင်ထုတ်ပြန်ပေးဖို့လိုတယ်”ဟုကိုးကန့်တိုင်းရင်းသူတစ်ဦးကပြောသည်။
ဖုန်တာရွှင်နှင့်တရုတ်အထူးကိုယ်စားလှယ်တို့ တရုတ်နိုင်ငံယူနန်ပြည်နယ်တွင် တွေ့ဆုံဆွေးနွေးနေစဉ် အောက်တိုဘာလ ၂၃ရက်ကလည်း စစ်ကောင်စီက လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်ပြီးစစ်ရေးအရ ဖိအားပေးခြင်းခြောက်ခဲ့သည်။
ဖုန်တာရွှင်သည် အသက်၅၉နှစ်အရွယ်ရှိပြီဖြစ်ပြီး နေအိမ်အကျယ်ချုပ်ဖြင့်ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ထွက်ပေါ် နေသည့်သတင်းများနှင့်ပတ်သက်၍ MNDAAကလည်း တရားဝင်သတင်းမထုတ်ပြန်သေးပေ။
MNDAAက နိုဝင်ဘာလ ၁၉ရက်၌သတင်း ထုတ်ပြန်ရာ၌ လားရှိုးမြို့ရှိ သက်ကြီးရွယ်အိုများအား ထောက်ပံ့ကူညီသည့်သတင်းကိုသာဖော်ပြထားသည်။လားရှိုးမြို့အုပ်ချုပ်ရေးနှင့်ပတ်သက်၍ MNDAA၏ ထုတ်ပြန်ချက်သည် လားရှိုးမြို့အား စစ်ကောင်စီထံပြန်မပေးဘဲ ဆက်လက်အုပ်ချုပ်မည်ကိုပြသခြင်းဟု နိုင်ငံရေးလေ့လာသူအချို့ကဆိုသည်။
အုပ်ချုပ်ရေးကော်မတီနှင့်ပြည်သူကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမို နက်ရှိုင်းစေသည့်အပြင် လူမှုအသိုင်းအဝိုင်းအတွင်း နွေးထွေးသဟဇာတရှိသော အငွေ့အသက်များ ဖန်တီးပေးကာ လူ့အဖွဲ့အစည်းကို အပြုသဘောဆောင်သော စွမ်းအင်များ ပေးဆောင်ကာ ပြည်သူများအား အုပ်ချုပ်ရေးကော်မတီ၏ နွေးထွေးမှုနှင့် ဂရုစိုက်မှုကို နက်နက်ရှိုင်းရှိုင်း ခံစားစေသည်ဟု MNDAA ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
တရုတ်သည် ဖုန်တာရွှင်အပြင် ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဒုတိယစစ်ဦးစီးချုပ်ပေါက်ကျွင်းဖုန်းကိုလည်း၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၂ ရက်ကတည်းကအကျယ်ချုပ်ဖြင့် ဖမ်းဆီးထားကြောင်း People’s Spring ၏ သတင်းရင်းမြစ်ကပြောသည်။
ဖုန်တာရွှင်အား ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းများကြောင့် ပြင်းပြင်းထန်ထန်ဝေဖန်ခံရပြီးနောက်တရုတ်က ဖုန်တာရွှင်သည် ဆေးကုသနေခြင်းသာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာသလို ပြီးအောက်တိုဘာလမှစ၍ တင်းတင်းကျပ်ကျပ်ပိတ်ဆို့ထားခဲ့သည့်ရှမ်းပြည်နယ်မြောက်ပိုင်းမှ နယ်စပ်ကုန်သွယ်ရေးဂိတ်အချို့ကို နိုဝင်ဘာ ၁၉ တွင်ပြန်ဖွင့်ပြီး အကန့်အသတ်ဖြင့် ကုန်စည်သယ်ဆောင်ခွင့်ပြုခဲ့သည်။
MNDAA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များကပြီးခဲ့သည့်သြဂုတ်လဆန်းတွင်စစ်ကောင်စီတပ်၏ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ)တည်ရှိရာ လားရှိုးမြို့ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီး သြဂုတ်တတိယပတ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်သို့လာရောက်ကာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
သြဂုတ်နှောင်းပိုင်းမှစတင်၍ တရုတ်အစိုးရက အာဏာသိမ်းစစ်ကောင်စီနှင့် နီးနီးကပ်ကပ်ထိတွေ့ဆက်ဆံခဲ့ပြီး စစ်ကောင်စီ လိုအပ်နေသော နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအကူအညီများ ပေးအပ်ခဲ့ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောသည်။
တချိန်တည်းတွင် တရုတ်အစိုးရသည် မြန်မာ့နိုင်ငံရေးတွင် စစ်တပ် ဆက်လက်တည်ရှိစေရမည်ဟု ရပ်တည်ပြောဆိုကာ လားရှိုးမြို့ ပြန်ပေးရေးအတွက် MNDAA အပါအဝင် တရုတ်နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကို တွေ့ဆုံဖိအားပေးမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ပေါက်ကြားလာသည့် အစည်းအဝေးမှတ်တမ်းနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရသည်။
ကိုးကား – South China Morning Post (တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆို
ခွင့်ရှိသူ Lin Jian ကိုသတင်းစာရှင်းလင်းပွဲ၌တွေ့ရစဥ်။ဓါတ်ပုံ- fmprc.go.cn/mfa)
ဆက်လက်ဖတ်ရှုရန်