နယ်မြေပေါ်အခြေစိုက်ထားတဲ့ စခန်းတွေ ဖယ်ခိုင်းလို့ ထိုင်းစစ်တပ်နဲ့ UWSA တို့ စစ်ရေးတင်းမာ
ထိုင်း-မြန်မာနယ်စပ် မယ့်ဟောင်ဆောင်နယ်စပ်စည်းနား ထိုင်းစစ်တပ်နဲ့ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ နယ်မြေပြဿနာကြောင့် အတင်းမာဆုံးအခြေအနေရောက်ရှိနေပြီး UWSA ဘက်က လက်နက်ကြီးတွေ တပ်ဆင်ပြီး တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြောင်း ထိုင်း Khaosod မီဒီယာက ဖော်ပြပါတယ်။
မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေထဲ အင်အားအကြီးမားဆုံး တပ်ဖြစ်တဲ့ UWSA မယ့်ဟောင်ဆန် အနီး Doi Nong Luang နဲ့ Doi Hua Ma နေရာတွေအပြင် တခြား နေရာ ၅ ခုမှာ စစ်စခန်းတွေ အခြေချထားတာကို ထိုင်းဘက်က သူတို့နိုင်ငံပိုင်နက်ထဲ လာရောက် အခြေချထားတယ်လို့ စွပ်စွဲပြီး တပ်တွေအားလုံး ဖယ်ရှား ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ဒီအငြင်းပွားမှုပြဿနာဟာ ဆယ်စုနှစ် တစ်ခုနီးပါးကြာမြင့်ခဲ့ပြီး နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက်တွေမှာ UWSA ထိပ်တန်းအရာရှိတွေနဲ့ ထိုင်းတော်ဝင်စစ်တပ်အရာရှိတွေ ချင်းမိုင်မှာ တွေ့ဆုံလို့ မူးယစ် ဆေးပြဿနာ၊ နယ်မြေကျူးကျော်မှုနဲ့ မှောင်ခိုမှုတွေ တိုက်ဖျက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ထိုင်းဘက်က ဒီဇင်ဘာ ၁၈ မတိုင်ခင် UWSA အထိုင်ချထားတဲ့ တပ်နေရာ ၇ နေရာကနေ ဆုတ်ခွာဖို့ သတိပေးခဲ့ပြီး UWSA တာဝန်ရှိသူတွေက ပန်ဆန်းက ဌာနချုပ်ကို တင်ပြပြီး အကြောင်းပြန်မယ်လို့ ပြန်ကြားခဲ့ပါတယ်။
နိုဝင်ဘာ ၂၀ ရက်မှာ ထိုင်းစစ်တပ်နဲ့ ရှမ်းပြည်တပ်မတော် (RCSS-SSA) တာဝန်ရှိသူတွေနဲ့ ထိုင်းစစ်တပ်ဟာ မယ်ဟောင်ဆောင်အနီးတစ်ဝိုက်က UWSA စခန်းတွေကို ဝင်ရောက်လာပြီး ဓာတ်ပုံရိုက်မှတ်တမ်း တင်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ နှစ်ဖက် တင်းမားမှုတွေမြင့်တက်လာတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
RCSS ကလည်း တပ်မတော် တည်ထောင်သူ ခွန်ဆာ ရှိစဥ်ကတည်းက နယ်မြေတွေကို ထိပါးလာမှု လက်မခံကြောင်း တုံ့ပြန်ပါတယ်။
ဒီအခြေအနေတွေကြောင့် ထိုင်းစစ်တပ်က ၈၁ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေကို တပ်ဆင် အသင့်ပြင်ထားလို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားဖို့ အတင်းမာဆုံးအခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း ထိုင်းမီဒီယာ တွေက ဖော်ပြပါတယ်။
UWSA အရာရှိကြီးတစ်ယောက်ကလည်း နယ်မြေ တစ်လက်မတောင် အထိပါးမခံ နိုင်ဘူးလို့ RFA သတင်းဌာနကို ပြောဆိုသွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Ref: khaosod
MKF-001
#MeKongNews
ထိုင်းနှင့်မြန်မာ နယ်မြေအငြင်းပွားနေသည့် နယ်စပ်ဒေသ စခန်း ၈ ခုမှ UWSA “၀” တပ်များ ဒီဇင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားဆုတ်ခွာပေးရန် ထိုင်းစစ်တပ်က အမိန့်ပေးလိုက်ပြီး စစ်ရေး ပြင်ဆင်မှုများ လုပ်ဆောင်
ရန်ကုန်၊ နိုဝင်ဘာ ၂၅
ထိုင်းနှင့်မြန်မာ နယ်မြေအငြင်းပွားနေသည့် နယ်စပ်ဒေသ စခန်း ၈ ခုမှ UWSA “၀” တပ်များ ဒီဇင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာပေးရန် ထိုင်းစစ်တပ်က အမိန့်ပေးလိုက်ပြီး စစ်ရေး ပြင်ဆင်မှုများကို ထိုင်းစစ်တပ်က လုပ်ဆောင်နေကြောင်း ThaiPBS North သတင်းဌာနက သတင်းဖော်ပြသည်။
ထိုင်းနိုင်ငံ မြောက်ပိုင်း၊ မယ်ဟောင်ဆောင်တွင် နယ်မြေအငြင်းပွားမှုဖြစ်နေသော နယ်စပ်ဒေသမှ တပ်စခန်း ၈ ခုကို UWSA က ဆုတ်ခွာပေးရန် ထိုင်းတော်ဝင်တပ်မတော်က အမိန့်ပေးလိုက်ကြောင်း၊ အဆိုပါ နယ်မြေများမှာ UWSA နှင့် ထိုင်းစစ်တပ်တို့အကြား ပိုင်ဆိုင်မှုဆိုင်ရာ ဆွေးနွေးမှု လုပ်နေသည့် နယ်မြေများဖြစ်ကြောင်း၊ ယင်းနယ်မြေများကို UWSA က ဝင်ရောက်တပ်စွဲထားသဖြင့် လာမည့် ဒီဇင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာပေးရန် အမိန့်ပေးထားကြောင်း၊ ထို့ပြင် စစ်ဘက်ဆိုင်ရာ ရွှေ့ပြောင်းမှုများကို ထိုင်းတပ်မတော်က လုပ်ဆောင်လာကြောင်း သိရှိရသည်။
ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံ၏ ပိုင်နက်နယ်မြေကို ကာကွယ်ရန် ထိုင်းတပ်တော်ကို စစ်ရေးဆိုင်ရာ ပြောင်းရွှေ့မှုများ လုပ်ဆောင်ရန်လည်း ညွှန်ကြားထားကြောင်း သတင်းက ဆိုသည်။ UWSA ၀တပ်ဖွဲ့ကမူ အဆိုပါ ရွှေ့ပြောင်းခိုင်းမှုနှင့်ပတ်သက်၍ ဌာနချုပ်ကို အသိပေးအကြောင်းကြားပြီး အကြောင်းပြန်မည်ဟု ပြောဆိုထားကြောင်း သိရှိရသည်။
ထိုင်းစစ်တပ်အနေဖြင့် ဆွေးနွေးညှိနှိုင်းမှုဖြင့် အလေးထားဖြေရှင်းရန် ပထမဦးစွာ လုပ်ဆောင်နေသော်လည်း အရေးပေါ် အခြေအနေအတွက်လည်း ပြင်ဆင်ထားကြောင်း ၊ အဆိုပါ နယ်မြေများ ၁၉၉၅ ခုနှစ်မတိုင်မီက ခွန်ဆာ ခေါင်းဆောင်သော MTA က သိမ်းပိုက်ခဲ့သော နေရာများဖြစ်ပြီး UWSA က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- UWSA တပ်ဖွဲ့ဝင်များ။
Photo- Agency။
ဆက်လက်ဖတ်ရှုရန်