စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိပြီး လက်နက်အချို့သိမ်းရ
နိုဝင်ဘာလ ၂၆ ရက်

ချင်းပြည်နယ် ဟားခါး – ထန်တလန်မြို့နယ်ကြားရှိ စီသရီးတောင်စခန်း(ပွိုင့် -၃ စခန်း)အမည်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဟားခါး – ထန်တလန်ကြားတွင် တိုက်ပွဲများသုံးရက်ဆက်တိုက်ဖြစ်ပွားခဲ့ရာ ယခင် စစ်ကောင်စီတပ် သိမ်းထားသည့်စခန်းကို နိုဝင်ဘာ ၂၅ရက်ညနေပိုင်း၌ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က ပြန်လည်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ ဟားခါးနဲ့ ထန်တလန်ကြားမှာရှိတဲ့ စီသရီးလို့ခေါ်လို့ရတယ်။ အဲဒီစခန်းကို ညနေပိုင်း ၅နာရီနဲ့ မိနစ် ၂၀လောက်မှာ ချင်းပြည်ကောင်စီတပ်ဖွဲ့က သိမ်းပိုက်နိုင်တာပေါ့။

လက်နက်ခဲယမ်းတချို့နဲ့ စကစ အလောင်းလည်းရှိပါတယ်။ ပြီးရင် တချို့ထွက်ပြေးနိုင်တဲ့ သူတွေ ၉ယောက်လောက် ဟားခါး ပြည်သူ့ဆေးရုံမှာ ပို့ထားတယ်တဲ့။ ဟားခါးမှာ ရှိတဲ့ ဒေသခံတွေ ပြောကြားချက်အရ ကျနော်တို့သိရတယ်။ ဒီနေ့လည်း တိုက်ပွဲရှိပါတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

စီသရီးတောင်စခန်း(ပွိုင့် -၃ စခန်း)သိမ်းတိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ဟု ဆိုသည်။

“ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာတွေမရှိဘူးပေါ့။ အဲဒီလိုမျိုးရှိတယ်။ အခုဟားခါး ထန်တလန်ကြား တိုက်ပွဲရှိပါတယ်။ ဒီနေ့လည်း လေယာဉ်လာတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

စီသရီးတောင်စခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်၏ လက်နက် ၆လက်နှင့် ခဲယမ်းကျည်များကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က ရရှိခဲ့ကြောင်း သိမ်းပိုက်ရရှိ လက်နက်ခဲယမ်း ဓာတ်ပုံမှတ်တမ်းတွင် တွေ့ရသည်။

ထို့အပြင် ဟားခါး – ထန်တလန်ကြားရှိ အော်တိုတောင်တွင်လည်း စစ်ကောင်စီနှင့် ချင်းပြည်ကောင်စီတပ်များနီးကပ်စွာ ရှိနေပြီး တခါတရံ ပစ်ခတ်တိုက်ခိုက်မှုနှင့် ဒရုန်း ဗုံးသီးချ တိုက်ခိုက်မှုများ ရှိနေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

ထန်တလန်မြို့ပေါ်တွင်လည်း တိုက်ပွဲကြီးကြီးမားမားမရှိသေးဘဲ ဒရုန်းဖြင့် တိုက်ခိုက်မှု အချို့သာရှိသည်ဟုဆိုသည်။

ချင်းအမျိုးသားတပ်ဦး(CNF/CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်များ ပူးပေါင်းဖွဲ့စည်းထားသည့်ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ တပ်များသည် ထန်တလန်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဇူလိုင်လလယ်မှစတင်ဆင်နွှဲခဲ့ရာ ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီစခန်းများကိုသိမ်းပိုက်ထားနိုင်ခဲ့ပြီး ထန်တလန် စစ်ကောင်စီတပ်ကုန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီတပ်ကလည်း ဟားခါးမှတဆင့် ထန်တလန်ဘက်သို့ စစ်ကူအင်အားဖြည့်တင်းထားပြီး လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

(စီသရီးတောင်စခန်း(ပွိုင့် -၃ စခန်း)အမည်ရှိ စစ်ကောင်စီတပ်စခန်းအား ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ – VOC)
#LNO
#HlaingInfo