စစ်ခေါင်းဆောင်ကိုဖမ်းဝရမ်းထုတ်ရန် တောင်းဆိုချက်အပါအဝင် ICC ၏ပြောဆိုချက်များကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဟု စစ်ကောင်စီတုံ့ပြန်လိုက်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးမိန့်ထုတ်ပေးရန် နယ်သာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)၏ ရှေ့နေချုပ်က ထိုတရားရုံး တရားသူကြီးများထံ ယနေ့ (နိုဝင်ဘာ ၂၇ ရက်တွင်) လျောက်ထားခဲ့ပြီးနောက် စစ်ကောင်စီကယင်းကဲ့သို့ တုံ့ပြန်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင်း သတ်ဖြတ်မှုများနှင့် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့တိမ်းရှောင်ကြရသည့် အကြောင်းရင်းတို့ကို ၂၀၁၉ ခုနှစ်မှ စတင်စစ်ဆေးလာခဲ့ရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရာဇဝတ်မှုအတွက် တာဝန်ရှိသူဟု သတ်မှတ်နိုင်ကြောင်း ICC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခု ဖမ်းဝရမ်းလျောက်ထားမှုသည် မြန်မာနိုင်ငံမှ အဆင့်မြင့်အရာရှိတစ်ဦးကို ဖမ်းဆီးအမိန့်ထုတ်ရန် ပထမဆုံး လျှောက်ထားခြင်းဖြစ်သည်ဟုလည်း ICC က ဆိုသည်။

ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားသည့် လျှောက်လွှာတွင် စာရွက်စာတမ်း အထောက်အထားများ၊ သိပ္ပံနည်းကျ စစ်ဆေးအတည်ပြုထားသော သက်သေများ၊ ဓာတ်ပုံနှင့် ဗီဒီယိုသက်သေများအပါအဝင် လူပုဂ္ဂိုလ် သက်သေထွက်ဆိုချက်များ ပါဝင်သည်ဟုလည်း ICC က ဆိုသည်။
ဓာတ်ပုံ – EPA

ဖတ်ရန်