တောင်ကုတ်တွင် နောက်ဆုံး‌ကျန်နေသည့် တပ်ရင်းနှစ်ခုနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တခုလုံး အလံဖြူထောင် လက်နက်ချအညံ့ခံ
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် တပ်ရင်းနှစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ ၂၇ ရက်နေ့တွင် တောင်ကုတ်မြို့ပြင် ၌ ကျန်ရှိနေသည့် စစ်ကောင်စီ၏ ခမရ ၃၄၆၊ ခမရ ၅၄၄ နှင့် စကခ ၅ အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် AA ကိုပြန်လည်တိုက်ခိုက်မှု မပြုလုပ်တော့ဘဲ လက်နက်ချခဲ့ကြောင်း သိရသည်။

“စစ်တပ်က နဂိုကတည်းက အသံလွှင့်ပြီးသား။ AA လာတိုက်ရင် အသေမခံဘူး၊ အလံဖြူထောင်မယ်၊ လက်နက်ချမယ်ဆိုပြီး အသံပစ်ထားတာ။ အခုတိုက်ခံရတာ ရက်ပိုင်းအတွင်းကို အလံဖြူထောင်သွားတာ လို့ သိရတယ်”ဟု တောင်ကုတ်ဒေသခံတဦးက ဧရာဝ တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့ကတည်းက AA သည် တောင်ကုတ်မြို့အတွင်း စီးနင်းဝင်ရောက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြို့အတွင်းမှ တိုက်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် မြို့ပြင်တွင်ကျန်ရှိနေသည့် တပ်ရင်းနှစ်ရင်း နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ထံ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီက တောင်ကုတ်မြို့အတွင်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တောင်ကုတ်မြို့အတွင်းရှိ သိမ်တောင်၊ အင်းခုန်တောင်၊ ကိုင်းရှည် စသည့်ရပ်ကွက်များ ဗုံးထိမှန်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့ကြောင်း သိရသည်။

လတ်တလောတွင် တပ်ရင်းနှစ်ခုနှင့် ဌာနချုပ်တခုတို့ အလံဖြူထောင်ခဲ့သည်ဟု သိရပြီး လက်နက်ရရှိမှုနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်ကိုမူ ဧရာဝတီတိုင်းမ်အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

တောင်ကုတ် စကခ ၅အတွင်းက လက်နက်မချသည့် ပူးပေါင်းတပ်အချို့နှင့် AA တိုက်ပွဲဆက်လက်ပြင်းထန်၊မြို့ကို AA ထိန်းချုပ်ထား

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ ခမရ ၃၄၆နှင့် ခမရ ၅၄၄တို့အပြင် စကခ ၅အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချ အလံဖြူထောင်ခဲ့ပြီး ကျန်သည့် တပ်ဖွဲ့ဝင်အချို့မှာ စကခ ၅အတွင်းပူးပေါင်း၍ ပြန်လည် တိုက်ခိုက်နေကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ ၂၇ရက်‌နေ့တွင် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အတွင်းမှနေ၍ ကျန်ရှိသည့် တပ်ဖွဲ့ဝင်များက အာရက္ခတပ်တော် AAနှင့် ဆက်လက် တိုက်ပွဲဖြစ်နေကြောင်း သိရသည်။

“လက်နက်မချတဲ့အဖွဲ့တွေ ပူးပေါင်းတိုက်နေတာပါ။ စကခ၅ထဲပေါင်းတိုက်နေတာ။ လူအင်အားကတော့ အတော်နည်းနေပါပြီ။ စစ်တပ်က အသေခံတိုက်မယ့်အလားအလာမရှိပါဘူး” ဟု တောင်ကုတ်ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယနေ့မနက်ပိုင်းတွင် စကခ ၅လက်အောက်ခံ ခမရ ၃၄၆နှင့် ခမရ ၅၄၄အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AAထံ အလံဖြူထောင် လက်နက်ချခဲ့ကြပြီး စကခ ၅မှ တပ်ဖွဲ့ဝင်အချို့လည်း အညံ့ခံခဲ့ကြောင်း သိရသည်။

လက်နက်မချသည့် တပ်ဖွဲ့ဝင်အချို့မှာ စကခ ၅အတွင်း ပူးပေါင်းပြီး ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဂွမြို့၊ မောင်တောမြို့၊ အမ်းနှင့် တောင်ကုတ်မြို့နယ်တို့ရှိ စစ်ကောင်စီ တပ်စခန်းများကို AAက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တပ်စခန်းအများစုကို သိမ်းပိုက်ထားကာ ယနေ့တွင် တောင်ကုတ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။


ပုံစာ- ပုံ​ဟောင်း

ဆက်လက်ဖတ်ရှုရန်