အဉ္စနလီညှင်း(လေးဝတီ FM)
၂၇ ၊ နိုဝင်ဘာ ၊ ၂၀၂၄
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်း၊ တပ်ခွဲ၊ စစ်ကြောင်း အသီးသီးက တပ်ဖွဲ့ဝင်အင်အား ၁၀၀ဝ ကျော်ဟာ နိုဝင်ဘာ လ အတွင်းမှာ အာရက္ခတပ်တော် AA ဆီကို ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်ခိုလုံခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က သိရပါတယ်။
အဲ့ဒီလို ဝင်ရောက်ခိုလုံတဲ့ အထဲမှာ ဗိုလ်မှူးကြီးအဆင့်ရှိသူပါ ၊ ပါဝင်ပြီး နပခမှာ တာဝန်ကျနေတဲ့ အထဲက တပ်သားဟောင်းတွေရော နောက်ထပ်ပို့တဲ့ စစ်ကူစစ်ကြောင်းတွေပါ ပါတယ် လို့ ဆိုပါတယ်။
“စစ်ကောင်စီတပ်ထဲမှာက ထိပ်ပိုင်းအရာရှိမိသားစုတွေကို နေပြည်တော်ကို ရွှေ့လိုက်တယ်၊ နောက်ပြီး နောက်ဆုတ်လာတဲ့ တပ်ရင်းတွေကို နပခ ထဲ အဝင်မခံဘဲ ပြန်လွှတ်တယ်၊ ရှေ့တန်းကို အင်အားမရှိဘဲ ပို့ခံရတဲ့ လူတွေက အင်အားမမျှလို့ ပူးပေါင်းတာတွေလည်းရှိတယ်။ သူတို့အချင်းချင်း သဘောထားကွဲလွဲလို့ လာရောက်ပူးပေါင်းတာတွေလည်းရှိတယ် ” လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကို အာရက္ခတပ်တော် က ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတာ နှစ်လ ကျော်ကြာမြင့်ပြီ ဖြစ်ပြီး နိုဝင်ဘာ အတွင်းမှာ အပြင်းထန်ဆုံးဖြစ်ခဲ့ တာဖြစ်ပါတယ်။
AA က ထိမ်းသိမ်းထားတဲ့ တပ်သားတွေထဲမှာ ဒဏ်ရာ ရှိတဲ့ သူတွေ လည်းပါဝင်နေပြီး အများစုက အစာအဟာရ ပြတ်လတ်နေကြတယ် လို့ ဆိုပါတယ်။
“တိုက်ပွဲမှာ ဖမ်းမိတာလည်းပါတယ်၊ အုပ်စုလိုက် လာပူးပေါင်းတာလည်းပါတယ်။
တချို့က ပြင်းထန်ဒဏ်ရာ ရတဲ့ လူတွေ ပြီးတော့ အဟာရပြတ်လို့ လုံးဝ မထနိုင်တဲ့လူတွေပါတယ်၊ သူတို့ကိုလည်း လုံခြုံတဲ့နေရာမှာ ဆေးကုပေးထားတယ်၊” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အာရက္ခတပ်တော်သည် အမ်း- နပခ ဌာနချုပ် လက်အောက်က တပ်ရင်း ၈ ခုကို သိမ်းပိုက်ခဲ့ပြီး ဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်ထားပါတယ်။
အဲ့ဒီထုတ်ပြန်မှု အပြီးမှာ ကျန်နေတဲ့ တပ်တွေကို ဆက်လက်ထိုးစစ်ဆင်နေပြီး နောက်ထပ် အရေးပါတဲ့ တပ်ရင်းလေးခုကို လည်းထပ်မံသိမ်းပိုက်ထားပါတယ်။