ပဲခူးရိုးမထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရပြီး အယောက် ၄၀ သေ
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်ထဲက ပဲခူးရိုးမအတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား အယောက် ၄၀ သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့၊ မနက်အစောပိုင်းမှာ ပဲခူးရိုးမအတွင်း မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းကနေ ခါချဉ်တောင်ပေါ်ကို အင်အား ၈၀ ခန့်နဲ့ တက်လာတဲ့ စစ်ကြောင်းကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“သူတို့က တောင်ပေါ်ကို ခြေလျင်လာတာ… ကားတွေကို ထားခဲ့ပြီးတော့။ သူတို့တက်လာတာကို ကျနော်တို့ ကင်းပုန်းက အရင်တွေ့တာကြောင့် မိုင်းဆွဲတိုက်ခိုက်တာပါ။“ လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက မောင်းကို ပြောပါတယ်။
အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အယောက် ၄၀သေဆုံးသွားပြီး ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရသွားကို တော်လှန်ရေးရဲဘော်တွေ မျက်မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီနောက် အပြန်အလှန် ပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေဟာ သူတို့ရဲ့ သေဆုံးအလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ပြည်သူတွေဆီကနေ အတင်းလုယူထားတဲ့ ကားတွေနဲ့ တင်ဆောင်ကာ စစ်ကြောင်းနောက်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
“အလောင်းတွေတင်ဖို့ ကားလုတယ်ပဲ ပြောရမှာပေါ့။ မပေးလို့ဆိုပြီး ဘန့်ဘွေးကုန်းရွာက ညီအစ်ကို ၂ယောက်နဲ့ ရွာသာရွာက ဆိုင်ကယ်သမား ၃ယောက်၊ ပေါင်း ၅ယောက်ကိုပါ ဖမ်းသွားတယ်။” လို့ ရဲဘော်ဒူးယားက ပြောခဲ့ပါတယ်။
ပုံစာ – စစ်ဆင်ရေးလုပ်နေတဲ့ တော်လှန်ရေးရဲဘော်များ
ဆက်လက်ဖတ်ရှုရန်