သုည/People’s Spring
မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးသည် ကရင်ပြည်နယ်တွင် ကားတိမ်းမှောက်၍ ဒဏ်ရာရရှိခဲ့ကြောင်း လက်ဝှေ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။
နိုဝင်ဘာ ၃၀ရက် ညနေပိုင်းက တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ်ပေါက်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း စိုးလင်းဦးက လူမှုကွန်ယက်မှတဆင့် ပရိသတ်များအား အသိပေးခဲ့သည်။ သို့သော် ယာဉ်တိမ်းမှောက်သည့်နေရာကိုမူ ဖော်ပြထားခြင်း မရှိပေ။
“မနေ့ညနေက ကျွန်တော်တစ်ယောက်ထဲ တောင်ကုန်းပေါ်ကအဆင်းကားဘရိတ် မမိတော့လို့ ကားနဲ့အတူ တောင်ကုန်းပေါ်ကနေ အောက်ထိလိမ့်ကျခဲ့ပါတယ်။ ဘုရားပေးတဲ့အသက်ပဲ ကျန်ပါတော့တယ်”ဟု စိုးလင်းက အသိပေးထားသည်။
အဆိုပါ ကားတိမ်းမှောက်မှု ဒဏ်ရာကြောင့် လာမည့် ဇန်နဝါရီအတွင်း ထိုင်းနိုင်ငံတွင် ထိုးသတ်မည့် One Championship ပွဲစဥ်ကို လွဲချော်မည် ဖြစ်ကြောင်း စိုးလင်းဦးက ဆိုသည်။
“ရှေ့လပွဲကတော့ ကျွန်တော့်အခြေအနေကြောင့် မထိုးနိုင်သေးပါဘူး။ ဆုတောင်းပေးကြတဲ့သူ ကူညီပေးကြတဲ့သူ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်”ဟု ၎င်းက ဆိုသည်။
မြန်မာ့လက်ဝှေ့ကျော်စိုးလင်းဦးသည် One Championshipက ကျင်းပသည့် မွေထိုင်းပြိုင်ပွဲများတွင် ဝင်ရောက်ထိုးသတ်နေပြီး ပွဲစဥ် (၄)ပွဲ ထိုးသတ်ခဲ့ရာ (၃)ပွဲနိုင် (၁)ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားသည်။
ဓာတ်ပုံ – စိုးလင်းဦး (ဒို့ရိုးရာ)