▪️တရုတ်၏ကြားဝင်မှုဖြင့် လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စများဆွေးနွေးနိုင်ဟု အသိပေး
▪️စစ်ကောင်စီက နိုင်ငံအနှံ့ ဝေဟင်နှင့်မြေပြင်ထိုးစစ်များ ရပ်ပေးရမည်ဖြစ်ပြီး ခုခံကာကွယ်ခွင့်ဆက်စွဲကိုင်မည်ဟု ထုတ်ပြန်
ဟန်နွေ/People’s Spring

ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်လိုလားကြောင်း ကိုးကန့် တပ်မတော် ဟု ခေါ်ဆိုသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) စစ်ရေးကော်မတီက ယနေ့ (ဒီဇင်ဘာ ၃ရက်)တွင် ထပ်မံကြေညာသည်။

စစ်ဘေးဒုက္ခဒဏ်ကိုပြင်းထန်စွာခံစားနေရသည့် အပြစ်မဲ့ပြည်သူလူထု၏ အကျိုးကို ငဲ့ညှာ ထောက်ထားရန်၊တရုတ်-မြန်မာနယ်စပ်၏ တည်ငြိမ်အေးချမ်းရေးကို ကာကွယ် ထိန်းသိမ်းရန်၊ ပြည်တွင်းစစ်ရေးပဋိပက္ခများကိုနိုင်ငံရေး နည်းလမ်းဖြင့်ဖြေရှင်းနိုင်ရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေးကိုလက်တွေ့ကျကျဖော်ဆောင်ရန်အတွက် MNDAA၏ ရပ်တည်ချက်နှင့် သဘောထားကို ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

နိုဝင်ဘာ ၂၅ရက်က တရုတ်အစိုးရ၏ ဖိအားပေးမှုကြုံနေရသည့် တအာင်းတပ်မတော်(TNLA)က တရုတ်၏ ကြားဝင်မှုဖြင့် ဆွေးနွေးရန်အသင့်ရှိကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက် တစ်ပတ်ခန့် အကြာတွင် MNDAAက ယခု ကြေညာချက်ကို ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ MNDAAသည်လည်း တိုက်ပွဲရပ်ရန် ၊ သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီကို ပြန်ပေးရန် တရုတ်အစိုးရ၏ ဖိအားပေးမှု ရင်ဆိုင်နေရသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

MNDAA၏ကြေညာချက်တွင် ၎င်းတို့ အဖွဲ့အနေဖြင့် နိုင်ငံတော်မှခွဲထွက်ပြီး နိုင်ငံတော်အသစ်ထူထောင်ခြင်းကို ပြုလုပ်မှာမဟုတ်ကြောင်း၊ စစ်မှန်သောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်ကြောင်း ဖော်ပြပြီး နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နိုင်ငံပိုင်နယ်မြေ တည်တံ့ ခိုင်မြဲရေးကို တစိုက်မတ်မတ် ထိန်းသိမ်းကာကွယ်သွားမည်ဟု ဆိုသည်။

ယနေ့မှစ၍ ရောက်ရာနေရာ၌ တပ်များ ချက်ချင်း အပစ်ရပ်စဲပြီး စစ်ကောင်စီတပ်များကို အစပြုထိုးစစ်ဆင်တိုက်ခိုက်မည်မဟုတ်ဟု အသိပေးကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှုအောက်တွင် လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့်ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်ပေးမှုအတိုင်း တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း MNDAAက ကြေညာသည်။

MNDAA၏ ရပ်တည်ချက်သဘောထားတွင် စစ်ကောင်စီမှ မြန်မာနိုင်ငံနေရာအနှံ့တွင် ဖော်ဆောင်နေသော ဝေဟင်နှင့် မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်ဆိုင်းပေးရမည်ဟု ဖော်ပြထားပြီး တွေ့ဆုံဆွေးနွေးရာတွင် MNTJP/MNDAAမှအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက်ကြားရှိပဋိပက္ခများနှင့်အမြင်သဘောထားကွဲလွဲမှုများ ကိုနိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းသွားနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။

MNDAAအနေဖြင့် နိုင်ငံရေးနည်းလမ်းကိုအားပေးထောက်ခံသော်လည်း မိမိကိုယ်ကိုခုခံကာကွယ်ခွင့်အား ယခင်နည်းတူဆက်လက်စွဲကိုင်သွားပါမည်ဟုလည်း ထုတ်ပြန်ကြေညာခဲ့သည်။

TNLAအနေဖြင့်လည်း တွေ့ဆုံဆွေးနွေးရန် အမြဲအသင့်ရှိကြောင်း နိုဝင်ဘာ ၂၅ရက်တွင် ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီက TNLAထိန်းချုပ် ရာ ကျောက်မဲမြို့ကို နိုဝင်ဘာ ၃၀ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၁၀ဦး သေဆုံးပြီး ၂၀ဦး ဒဏ်ရာရခဲ့သည်။

လက်ရှိတွင် တရုတ်၏ ဖိအားပေးမှုသည် MNDAAနှင့် TNLAကို ဦးတည်လာသည်ဟု မြင်ကြောင်း စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

“နောက်ဆုံးမလွှဲရှောင်သာရင် တွေ့ဆုံမှုတွေအခင်းကျင်းတွေရောက်လာနိုင်ပြီး လားရှိုး သိန်းနီဒေသကနေ တရုတ်ဖိအားအကါအဝင်ပေါ့ ငြိမ်းချမ်းရေးကိုရှေးရှု၍ MNDAAက အရင်ဦးခင်ညွှန့်နဲ့ သဘောတူထားတဲ့ အထူးဒေသ (၁) နယ်မြေတွေဆီကို ပြန်ဆုတ်သွားနိုင်ပါတယ်။ အဲ့ဒီအချိန်ရောက်လာရင်တော့ ရှမ်းမြောက်စစ်ရေးနိုင်ငံရေးအခြေအနေက တမျိုးပြောင်းသွားနိုင်ပါတယ်။MNDAA က လားရှိုးကနေဆုတ်ခွါပါက နောင်ချိုသီပေါမှာရှိတဲ့ TNLA အတွက်လည်း ဖိအားထပ်လာနိုင်ပါတယ်။အခုအခြေအနေဆို ကွတ်ခိုင်နဲ့ မူဆယ် (၁၀၅)မိုင်လဲ အဖြူအမဲအဖြေမထွက်သေးပါဘူး”ဟု ဦးဇော်ဆန်က နိုဝင်ဘာနောက်ဆုံးပတ်တွင် သုံးသပ်ပြောကြားထားသည်။

(အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့် တပ်မတော် (MNDAA)က ၂၀၂၄ သြဂုတ် ၃ ရက်တွင် သိမ်းယူပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – The Kokang)