လက်ရှိ အချိန်ဟာ ဒီဇင်ဘာလ၊ ဆောင်းရာသီထဲမှာ ဖြစ်ပေမယ့် နွေရာသီကာလလောက်သာ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု ရှိနေပြီး ဓာတ်အား မလုံလောက်မှုက ပိုမို ဆိုးဝါးလာနေပါတယ်။

ရန်ကုန်မြို့မှာ လက်ရှိ ဓာတ်အားခွဲဝေမှု အဖြစ် အုပ်စု အေ၊ ဘီ နှစ်စု ခွဲကာ ၄ နာရီ မီးလာ၊ ၄ နာရီ မီးဖြတ် စနစ်နဲ့ မီးပေးနေတာ ဖြစ်ပါတယ်။ (တချို့မြို့နယ်တွေမှာ ၂ နာရီထက် ပိုမလာခြင်းတွေ ဖြစ်ပေါ်နေပါတယ်)

ဒါပေမယ့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု က ပိုမိုကျဆင်းလာနေပြီး မလုံလောက်တာကြောင့် အုပ်စု အေ၊ ဘီကနေ စီနဲ့ ဒီ ထိ ပါ အုပ်စု ၄ စု ထိ တိုးမြှင့် ခွဲထုတ်ကာ မီးပိုဖြတ်ဖို့ စီစဉ်နေပြီ လို့ လျှပ်စစ်ဌာနနဲ့ နီးစပ်သူ တစ်ဦး ဖြစ်တဲ့ ကေအက်စ် (ခွဲမှုး)က အသိပေးလာပါတယ်။

လျှပ်စစ်မီးဟာ ရန်ကုန်လို မြို့ပြမှာ ချက်ပြုတ်ရေး အပြင် သောက်သုံးရေ ရရှိဖို့ထိပါ အားထားနေရတာ ဖြစ်ပြီး လတ်တလော မီးပျက်မှုတွေကြောင့် ရေမလာတာ၊ ရေမရရှိတာတွေထိပါ မြို့နေလူထု အခက်အခဲတွေ ဖြစ်နေပါတယ်။

လက်တလော လျှပ်စစ်မီး ယာယီပြတ်တောက်နေခြင်းအတွက် မိဘပြည်သူများ စိတ်ရှည်သည်းခံပေးကြရန်လည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က မေတ္တာ ရပ်ခံထားသည်။

ထို့ပြင် လက်ရှိတွင် တစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဓာတ်အားထုတ်လုပ်နိုင်မှု အလွန်လျော့ကျနေသည့် အတွက် ရှေ့လာမည့် လများ၌လည်း မီးပြတ်ချိန်ပိုများလာမည်ဟု YESC က အသိပေးချက် ထုတ်ပြန်ထားသည်။