(တောင်ကုတ်တပ်မသိမ်းလိုက်ပြီဟု သတင်းထွက်နေ)
သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၁၃/၂၀၂၄
ရခိုင်ပြည်၊ တောင်ကုတ်မြို့ စကခ(၅)တပ်မကို အာရက္ခတပ်တော်(AA)က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေစဉ်အတွင်းမှာ တပ်မအတွင်းကနေ တပ်ရင်းမှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်သားတွေ ရာနဲ့ချီပြီးအလံဖြူထောင်လက်နက်ချနေကြတယ်လို့ သတင်းရရှိပါတယ်။
တောင်ကုတ် စကခ(၅)တပ်မတွင် တိုက်ပွဲပြင်းနေစဉ် ဒီကနေ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက တပ်မအတွင်းကနေ တပ်ရင်မှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်သားရာနဲက ချီပြီး အာရက္ခတပ်တော်ထံ အလံဖြူထောင် လက်နက်ချအညံ့ခံလာကြတယ်လို့ စစ်ရေးအခြေအနေကို အနီးကပ်စောင့်ကြည့်နေတဲ့ တောင်ကုတ်မြို့ခံ အမျိုးသား တစ်ဦးက နိရဉ္စရာကို ပြောပါတယ်။
” တပ်မအထဲမှာက တိုက်ပွဲပြင်းထန်နေတုန်း။ အာရက္ခတပ်တော်က အင်အားအများကြီးနဲ့ဝင်တိုက်တာ ၅ ရက်လောက်ပဲ ကြာတယ်။ လက်နက်ချအလံဖြူထောင်လာကြတယ်။ အခုလက်နက်ချ အလံဖြူထောင်တဲ့ အထဲမှာ တပ်ရင်းမှူးအဆင့်တွေပါတယ်။ ဦးရေကတော့ရာနဲ့ချီပဲ ။”
တောင်ကုတ်မြို့ အခြေစိုက် စကခ(၅)ကို အလံဖြူထောင် လက်နက်ချရန် အာရက္ခတပ်တော်က ပြောကြားထားပြီး တစ်ပတ်ခန့်စောင့်ကြည့်နေပေမယ့် ထူးခြားမလာတာကြောင့် ဒီဇင်ဘာ ၉ ရက်နေ့ နံနက်က စတင်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချလာတာဖြစ်တယ်လို့ အဲဒီ တောင်ကုတ်ဒေသခံက ပြောပါတယ်။
တိုက်ပွဲအတွင်း စကခ(၅) တပ်မအတွင်း လက်နက်ကြီးကျည်များထိမှန်ပြီး အဆောင်တွေ မီးလောင်နေသလို စစ်ကောင်စီလေယာဉ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲတဲ့အတွက် အပျက်အစီးတွေများနေတယ်လို့ သိရှိရပါတယ်။
စကခ(၅)ဝန်းကျင်နှင့်အနီးအနားကို ဒီကနေက ဒီဇင်ဘာ ၁၃ ရက်နေ့မှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ တောင်ကုတ်ဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောပါတယ်။
” တောင်ကုတ်က တပ်ရင်းတွေနဲ့ တိုက်ပွဲစဖြစ်ကတည်းက စစ်ကောင်စီက ဗုံးကြဲတာတွေ ဆက်တိုက်ရှိတယ်။ ဒီနေ့ညနေလည်း စကခ(၅)အနီးအနား ဝန်းကျင်တွေကိုဗုံးလာကြဲတယ်” လို့ပြောပါတယ်။
တောင်ကုတ်မြို့ရဲ့ နောက်ဆုံးလက်ကျန် စကခ(၅)ဌာနချုပ်ကို အာရက္ခတပ်တော်မှ သိမ်းပိုက်ထားပြီလို့ ဒေသအတွင်း သတင်းထွက်ပေါ်နေပေမယ့် AA ကသတင်းထုတ်ပြန်တာမရှိသေးတဲ့အတွက် နိရဉ္စရာအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။
တောင်ကုတ်မြိုပတ်ဝန်းကျင်ရှိ စစ်ကောင်စီရဲ့ စခန်း ၁၀ ကျော်ကို AA သိမ်းပိုက်ရယူပြီးနောက် တောင်ကုတ်မြို့ အခြေစိုက် အဓိကစခန်းကြီးများဖြစ်ကြတဲ့ စကခ (၅) တပ်မဌာနချုပ်နဲ့ စကခ (၅) လက်အောက်ခံ တပ်ရင်းများဖြစ်ကြတဲ့ ခမရ (၃၄၆)နဲ့ ခမရ (၅၄၄) တပ်ရင်းဌာနချုပ် စခန်းတွေကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်တယ်လို့ နိုဝင်ဘာလ (၂၈) ရက်နေ့မှာ AA က သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီသတင်းအောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်>>>>
( ဓာတ်ပုံ- ဘူးသီးတောင်တိုက်ပွဲအတွင်း အလံဖြူထောင်လက်နက်ချခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ)