မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အရှေတောင်ခြမ်း ရှိ တင်ငုတ်ကြီးကျေးရွာမှ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ခံ ဦးငွေသိန်းမှာ ၎င်း၏နေအိမ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။
ယမန်နေ့(ဇန်နဝါရီလ ၇ ရက်) မနက် ၅ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် အစိမ်းရောင်ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသူ နှစ်ဦးက နေအိမ်သို့ လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
၎င်းက “ နေအိမ်ရှေ့ကနေ သေနတ်နဲ့ သုံးချက် ပစ်ခတ်သွားတာ” ဟု ပြောသည်။
ဦးငွေသိန်း မှာ အသက် ၄၀ ဝန်းကျင်ရှိပြီး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရင်ညွှန့်တွင် နှစ်ချက် နှင့် ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း မဇ္ဈိမကရရှိသည့် ဓာတ်ပုံများအရ သိရသည်။
ယခုဖြစ်ပွားခဲ့သည့် တင်ငုတ်ကြီးကျေးရွာ ရပ်ကျေးတာဝန်ခံ ဦးငွေသိန်း လုပ်ကြံခရမှုနှင့် ပတ်သက်၍ အမူမှန်ပေါ်ပေါက်ရေး NUG မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း ကန့်ဘလူမြို့နယ် ရဲတပ်ဖွဲ့ ထံမှ သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အုပ်ချုပ်ရေးယန္တရားတည်ဆောက်ပြီး စီမံအုပ်ချုပ်နေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများတွင် NUG မြို့နယ်အုပ်ချုပ်ရေးအဆင့် တာဝန်ရှိသူတချို့နှင့် ရပ်ကျေးအဆင့် တာဝန်ရှိသူတချို့ လုပ်ကြံသတ်ဖြတ်ခံရမှုများ ရှိလာကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံဖြစ်သူ အသက် ၄၀ အရွယ် ဆရာဦးဝင်းဌေး၊ ဇနီးသည်နဲ့ လသားအရွယ်သမီးတို့သည် ကနီမြို့နယ် တပုန်းကျေးရွာရှိ ၎င်းတို့၏ နေအိမ်တွင်ရှိနေချိန် မိသားစုလိုက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး လက်ရှိအချိန်အထိ တရားခံအား ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ အမှုများကို အမှုမှန်ပေါ်ပေါက်အောင် ဖော်ဆောင်ပြီး စံနမူနာပြ အရေးယူမှုများပြုလုပ်မှသာ ပြည်သူ၏ယုံကြည်မှု အားကောင်းလာမှာဖြစ်ပြီး အမှုမှန်ကို မဖော်ထုတ်နိုင်ပါက ပြည်သူယုံကြည်မှု ကျဆင်းလာပြီးတော်လှန်ရေးကိုပါ ထိခိုက်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောသည်.
အလားတူ ယခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သယံဇာတကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးအရိန္ဒမာသည်လည်း သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ရသည်။
စာတည်း – သန့်ဇော်(သန်လျင်)
ပုံအညွှန်း – သေနတ်ဖြင့် ပစ်ခတ်ခံရသည့် တင်ငုတ်ကြီးကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဦးငွေသိန်းကို သေနတ်ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရစဉ်။