“ မံစီမြို့ရှိ တပ်ရင်းတွေအားလုံးကိုသိမ်းနိုင်တာ ဗန်းမော်စစ်ဆင်ရေးအတွက်အားရစရာ”ဟု KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူပြော
(မြို့ ၁၄ မြို့နဲ့ တပ်စခန်းပေါင်း ၃၂၀ ဝန်းကျင်ကို လက်ရှိအချိန်မှာ KIA သိမ်းပိုက်ထိန်းချုပ်ထား)
ဇန်နဝါရီ ၈/၂၀၂၅
ကချင်ပြည်နယ်၊ မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်း ၃ခုစလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်လိုက်တာဟာ ၂၀၂၅ ခုနှစ်သစ်မှာ ပထမဆုံး အောင်မြင်မှု ဖြစ်ပြီး လက်ရှိတိုက်ခိုက်နေဆဲဖြစ်တဲ့ ဗန်းမော်စစ်ဆင်ရေးအတွက်လည်း အားရစရာ တစ်ခုဖြစ်တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက နိရဉ္စရာသတင်းဌာနကို ပြောပါတယ်။
“ မံစီမြို့မှာရှိနေတဲ့ ၊ ခမရ ၃၁၉၊ ခမရ ၆၀၁ ရယ်၊ ခမရ ၃၅၂ ရယ်ပေါ့နော်။ အဲ့ဒါက ဒီမနက် ၁၁ နာရီ ဝန်းကျင် အချိန်လောက်မှာ အားလုံးအပြီးသိမ်းပိုက်လို့ရပါပြီ။ ၂၀၂၅ နှစ်သစ်တွင် ပထမဆုံး သိမ်းလိုက်တာ ဖြစ်ပါတယ်။ လက်ရှိတိုက်နေတဲ့ ဗန်းမော်စစ်ဆင်ရေးအတွက် အားရစရာ တစ်ခု ဖြစ်ပါတယ်”ဟု ပြောသည်။
ကချင်ပြည်နယ် မံစီမြို့ရှိ စစ်ကောင်စီ တပ်ရင်းသုံးခုလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းမဟာမိတ်တပ်တွေက ဒီကနေ့ ဇန်နဝါရီ ၈ ရက်နေ့မှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီ ဖြစ်ကာ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိပါတယ်။