ဇန်နဝါရီ ၉၊ ၂၀၂၅
လူကုန်ကူးခံရသည့် သရုပ်ဆောင် Xingxing အား ထိုင်းရဲတပ်ဖွဲ့က ကယ်တင်ပြီးနောက် ၎င်းအမှုနှင့်ဆင်တူသော ၂၀၂၄ ဒီဇင်ဘာလအတွင်း၌ ထိုင်း-မြန်မာနယ်စပ်တွင် ပျောက်ဆုံးသွားသည့် တရုတ်မော်ဒယ်လ် Yang Zeqi အမှုကို ထိုင်းရဲတပ်ဖွဲ့က အရှိန်အဟုန်မြှင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲချုပ် Pol General Thatchai Pitaneelaboot က ယနေ့ ပြောသည်။
World Forum Facebook စာမျက်နှာ ဖော်ပြချက်အရ Yang Zeqi သည် ရုပ်ရှင် audition အောင်မြင်ကြောင်း WeChat မှတဆင့် အကြောင်းကြားစာရရှိပြီးနောက် ဒီဇင်ဘာ ၂၀ ရက်တွင် Beijing Daxing International Airport မှတဆင့် Suvarnabhumi Airport သို့ လာရောက်ခဲ့သည်။
လေဆိပ်မှ ကားတစီးဖြင့် ထွက်ခွာလာခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်တွင် ရုပ်ရှင်အဖွဲ့က စီစဉ်ပေးသည့် နောက်ထပ် ကားတစီးနှင့် ခရီးဆက်ခဲ့သည်။
ဒီဇင်ဘာ ၂၁ ရက်တွင် Zeqi က ၎င်းစိတ်ဓာတ်ကျနေကြောင်း သူငယ်ချင်းများထံ မက်ဆေ့ခ်ျပို့ခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်၌ မိခင်နှင့် နောက်ဆုံးအကြိမ် ဗီဒီယိုဖုန်းခေါ်ဆိုမှု ပြုလုပ်ခဲ့ကြောင်း၊ ယင်းဗီဒီယိုခေါ်ဆိုမှုတွင် အနက်ရောင် အဝတ်အစား ဝတ်ဆင်ထားသော Zeqi အား စားပွဲတလုံးရှေ့ ကုလားထိုင်ပေါ်ထိုင်နေသည်ကို တွေ့ရှိရပြီး မျက်လုံးထောင့်၌ ဒဏ်ရာတခု ရှိနေသည်ကို တွေ့ရှိရသော်လည်း ဘေးကင်းလုံခြုံသည်ဟု မိခင်အား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်ပိုင်း Zeqi ၏ ဖုန်းပိတ်သွားပြီး မည်သည့်အဆက်အသွယ်မှ မရရှိတော့သောကြောင့် မိသားစုဝင်များက တရုတ်ရဲတပ်ဖွဲ့အပြင် ထိုင်းနှင့် မြန်မာနိုင်ငံရှိ တရုတ်သံရုံးများသို့ အကူအညီတောင်းခံ တိုင်ကြားထားကြောင်း၊ သရုပ်ဆောင် Xingxing အမှုအပြီး လက်ရှိ တရုတ်ပြည်တွင် လူကုန်ကူးခံရသည့် ရုပ်ရှင်အသိုင်းအဝိုင်းမှ တခြားသော သူများ၏ မိသားစုများကလည်း လူကုန်ကူးခံရမှုများကို ဖော်ထုတ်လာနေကြောင်း သိရသည်။
ဧရာဝတီ
ဓာတ်ပုံ – The Nation