မင်းထက်
မဇ္စျိမ။ ။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာရဲစခန်းကို အာရက္ခတပ်တော်( AA )နှင့် ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့(ဇန်နဝါရီ ၉ ရက်) ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံများ၏ အဆိုအရသိရပြီး AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ကို တောင့်မခံနိုင်ဘဲ ဆုတ်ခွာထွက်ပြေးသွားကြသည်ဟု ဒေသခံတဦးကပြောသည်။
“စစ်တပ်က အရင်ရက်တွေတည်းက တဖြည်းဖြည်းတပ်ဆုတ်နေတာ အခုတော့ ဗောမိအထိ တပ်အကုန်ဆုတ်သွားပြီ၊ သူတို့(စစ်ကောင်စီတပ်)ဘက်က အခြေအနေမကောင်းမှန်းသိလို့ ထွက်ပြေးနေတာတွေလည်းအများကြီးပဲ တပ်ပြေးတွေပေါ့”ဟု ၎င်းကဆိုသည်။
စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများကြောင့် မကျီးစင်ကျေးရွာနှင့် ပတ်ဝန်းကျင်ရွာများ ထိခိုက်ပျက်စီးမှုများရှိသည်ဟုလည်း ဒေသခံများကပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ၂၈ ရက်က ဧရာဝတီတိုင်းနှင့် ထိစပ်နေသည့် ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံး ဂွမြို့ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထို့နောက် ဂွမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့များသည် ဂွမြို့တဖက်ကမ်း မကျီးငူ၊ ရွှေရချိုင်၊ သင်ပေါင်းတော၊ ချမ်းသာ၊ တာလောင်ကြီး၊ တောင်ပေါက်၊ ကျောက်ချွန် ကျေးရွာတို့မှတဆင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ချောင်းဝချိုင်ကျေးရွာအထိ ဆုတ်ခွာထွက်ပြေးခဲ့ကြပြီး အဆိုပါကျေးရွာသို့ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ စစ်ကူအင်အား အများအပြားပို့ကာ ခံစစ်ပြင်ခဲ့သည်။
ဒီဇင်ဘာလကုန်ခန့်တွင် AA နှင့် ပူးပေါင်းတပ်တို့က ဧရာဝတီတိုင်းအတွင်းသို့ ဝင်ရောက်လာသည့်အတွက် ချောင်းဝချိုင်ကျေးရွာတွင် ခံစစ်ပြင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် မကျီးစင်ကျေးရွာအထိ တပ်ဆုတ်သွားခဲ့သည်ဟု မကျီးဇင် ဒေသခံတဦးကပြောသည်။
“ရခိုင်နဲ့ ဧရာဝတီကြားက ချောင်းဝချိုင်ဂိတ်ကို AA ဘက်က တိုက်ပြီး အဲဒီဂိတ်စခန်းကျပြီးတော့မှ ဒီဘက် (ဧရာဝတီတိုင်း)ကို ဝင်လာတာပါ”ဟု ဒေသခံကဆိုသည်။
ထို့နောက် မကျီးစင်ကျေးရွာတွင် ခံစစ်ပြင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့များက ကျေးရွာအတွင်း သေနတ်များ ပစ်ဖောက်ခြင်း၊ AA နှင့် ပူးပေါင်းတပ်များရှိနေနိုင်သည်ဟု ၎င်းတို့ ယူဆသည့် ပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို ဒီဇင်ဘာလ ပထမပတ်အတွင်း နေ့စဥ်နီးပါး ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။
“တော်လှန်ရေးအဖွဲ့တွေ ဧရာဝတီထဲကို ရောက်လာပြီးကတည်းက လေယာဥ်တွေ တောက်လျှောက်ဝဲနေတာ၊ အဲဒီရက်တွေကဆို စစ်တပ်က လေကြောင်းကနေ ပစ်တာလား ရေတပ်ကပစ်တာလား၊ ကုန်းပေါ်ကတပ်တွေက ပစ်လို့ထိတာလားတော့ တိတိကျကျမသိရဘူး ရွာတွေပျက်စီးတာတွေအများကြီးရှိတယ်။ AA ဘက်ကလည်း စစ်ကောင်စီရဲ့
စစ်ကူလမ်းကြောင်းတွေကို ဖြတ်တောက်တာတွေရှိတယ် “ဟု မကျီးဇင် ဒေသခံနောက်ထက်တဦးက ပြောသည်။
စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပစ်ခတ်မှုများကြောင့် ချောင်းဝချိုင်၊ မကျီးစင်၊ အမော်ကြီး (ဒေသအခေါ် ပုန်းညှက်မော်)၊ ကုလားချောင်း ကျေးရွာတို့မှ လူနေအိမ်၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းအချို့ ပျက်စီးမှုရှိသည်ဟုသိရသော်လည်း လူထိခိုက်မှု ရှိ၊မရှိကို အတိအကျ မသိရသေးကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် AA နှင့် ပူးပေါင်းတပ်များက မကျီးဇင် ရဲစခန်းကို သိမ်းပိုက်လိုက်ပြီး၊ ရွှေသောင်ယံမြို့ ကောင်းကင်တွင် စစ်ကောင်စီတပ်၏ စစ်လေယာဥ်များ မကြာခဏ ဝဲနေကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်၏ ဦးတည်ရာမဲ့ ပစ်ခတ်မှုများနှင့် တိုက်ပွဲအခြေအနေများကြောင့် ချောင်းဝချိုင်၊ မကျီးဇင်၊ ပေါက်လှချိုင်၊ ကုလားချောင်း၊ ပေါက်တူးကွင်း၊ ပုန်းညှက်မော်၊ ချိုင်လယ်၊ ဘောမိ ကျေး ရွာတို့မှ ဒေသခံများသည် ရွှေသောင်ယံနှင့် သာပေါင်းမြို့ဘက်သို့ စစ်ဘေးရှောင်နေကြရသည်ဟုသိရပြီး ကျေးရွာများအတွင်း ပိတ်မိနေသူများလည်းရှိနေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
စာတည်း – သန့်ဇော်(သန်လျင်)
ပုံအညွှန်း – ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံး ဂွမြို့ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဂွမြို့ကို သိမ်းပိုက်ခဲ့သည့် AA တပ်ဖွဲ့ဝင်များ အောင်ပွဲခံနေစဥ်။