လှဂွန်းပျို စခန်းကို သိမ်းရာမှာ ဗိုလ်မှုးအပါအဝင် ၁၆ ဦး လက်နက်ချ
People’s Spring
ဖာပွန် – ဘီးလင်း ကားလမ်းမ အနီးက စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျို စခန်းကနေ ဗိုလ်မှုး အဆင့်အပါအဝင် ၁၆ ဦး ဇန်နဝါရီလ ၇ ရက်က လက်နက်ချ အလင်းဝင်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
လက်နက်ချအလင်းဝင်လာသူတွေထံကနေ စိန်ပြောင်း တစ်လက်အပါအဝင် လက်နက်ကြီး ၊လက်နက်ငယ် နဲ့အခြားသောခဲယမ်းတွေ လက်ခံရရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခုလို စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှုးအဆင့် အပါအဝင် ၁၆ ဦး လက်နက်ချလာတဲ့ လှဂွန်းပျိုစခန်းဟာ ဖာပွန်က တပ်စခန်းတွေဆီ ထောက်ပို့ ပေးတဲ့ လမ်းကြောင်းပေါ်မှာရှိပြီး အရေးပါတဲ့တပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
လက်နက်ချ အလင်းဝင်လာသူတွေကို PDF နဲ့မဟာမိတ်တပ်တွေက လက်ခံစောင့်ရှောက်ထားတယ်လို့လည်း တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲကဆိုထားပါတယ်။
လှဂွန်ပျိုတပ်စခန်းကို သိမ်းယူရာမှာ အဲဒီတပ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချသလို ၊ တချို့လည်းထွက်ပြေးသွားတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက People’s Spring ကို အသိပေးထားပါတယ်။
အဲဒီ တပ်စခန်းကိုဇန်နဝါရီလ ၇ ရက်ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်တာလို့ တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှုးအဆင့်အပါအဝင် ၁၆ ဦး လက်နက်ချခဲ့သလို လက်နက်မချဘဲ ထွက်ပြေးသွားသူ ၆ဦး ရှိနေတယ်လို့ သိရပါတယ်။
————–
ဘီးလင်းမြို့နယ်၊ လဂွန်းပျို စစ်စခန်းမှ စစ်ကောင်စီ တပ်သား ၁၆ ဦး သည် လက်နက်မျိုးစုံ ၁၅ လက် ယူဆောင်လာပြီး PDF တပ်ဖွဲ့ထံ အလင်းဝင် Khitthit Media
ဇန်နဝါရီ ၁၀
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လဂွန်းပျို စစ်စခန်းမှ စစ်ကောင်စီ တပ်သား ၁၆ ဦး လက်နက်မျိုးစုံ ၁၅ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ပြောဆိုသည်။
ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ဘီးလင်းမြို့နယ်၊ လဂွန်းပျို စစ်စခန်းမှ စစ်ကောင်စီ တပ်သား ၁၆ ဦးသည် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များထံ ချိတ်ဆက်၍ အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၂ ရှိ PDF ရဲဘော်များက ကြိုဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၁၆ ဦးသည် ၈၀ မမ ၁ လက် ၊ ၆၀ မမ ၁ လက်၊ ၅၀ မမ ၁ လက်၊ စက်လက် ၁ လက်၊ စနိုက်ပါ သေနတ် ၁ လက်၊ MA-1 သေနတ် ၇ လက်၊ MA-2 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ MA-4 သေနတ် ၁ လက်တို့ကို ယူဆောင်လာပြီး အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျန်ရှိနေသေးသော အကြမ်းဖက် စစ်ကောင်စီတပ်သားများအနေဖြင့်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များ ထပ်မံလုပ်ဆောင်ခြင်းမပြုဘဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံသို့ လာရောက် ချိတ်ဆက် ပူးပေါင်းကြရန် တောင်ပိုင်းစစ်ဒေသက တိုက်တွန်း ပြောဆိုထားသည်။