စစ်ကောင်စီတပ်၏ ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၁ ဦး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ဒေသများသို့ လက်နက်ချ ပူးပေါင်းလာကြောင်း စစ်ဒေသ ၂ ခု က ယနေ့ညတွင် ထုတ်ပြန်သည်။
ကရင်ပြည်နယ်၊ ဖာပွန် – ဘီးလင်း ကားလမ်းမအနီးရှိ စစ်ကောင်စီ လှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူး ၁ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၆ ဦး ဇန်နဝါရီ ၇ ရက်က လက်နက်ချ ပူးပေါင်းလာကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲက ယနေ့ညတွင် ထုတ်ပြန်သည်။
၎င်းတို့နှင့်အတူ (၈၁)မမ စိန်ပြောင်း ၁ လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ၊ မိုင်းများ၊ ခဲယမ်းများနှင့် စစ်သုံးဆက်စပ်ပစ္စည်းများကိုပါ သိမ်းဆည်းရရှိခဲ့သည်။ အဆိုပါလှဂွန်းပျိုတပ်စခန်းမှာ ဖာပွန်ရှိ စစ်တပ်စခန်းများကို ထောက်ပို့ပေးသည့် လမ်းကြောင်းပေါ်တွင် တည်ရှိပြီး အရေးပါသည့် တပ်စခန်းတစ်ခုလည်းဖြစ်သည်။
လက်နက်ချသူများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ထားကြောင်းကို ဖော်ပြထားသည်။
အလားတူ ဇန်နဝါရီ ၉ နှင့် ၁၀ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး လက်နက်အပါဖြင့် PDF တပ်ရင်းများထံ လက်နက်ချခဲ့ကြသည်ဟု NUG အမှတ် (၁) စစ်ဒေသက ထုတ်ပြန်သည်။
ယမန်နေ့ (ဇန်နဝါရီ ၉)တွင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦးသည် G-3 ၁ လက်၊ ကျည် ၃၄၉ တောင့်၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်အိမ် ၂ ခုတို့ဖြင့် ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်းထံ လည်းကောင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ BPI မွေးမြူရေးစခန်းမှ တပ်သား ၂ ဦးသည် MA-1 ၂ လက်၊ အီနာဂါ ဗုံးသီး ၁ လုံး၊ နာနတ်သီးဗုံး ၂ လုံး၊ MA ကျည် ၁၆၆ တောင့်၊ ပို့ကျည် ၅ တောင့်၊ ကျည်အိမ် ၁၀ ခုဖြင့် ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်းထံ လည်းကောင်း လက်နက်ချပူးပေါင်းခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ ၁၀ ရက်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာတွင် အခြေစိုက်သော ခမရ-၁၃ မှ ပြည်သူ့စစ် ၂ ဦး MA-1 ၂ လက်၊ MA ကျည် ၄၆၀ တောင့်ဖြင့် ရွှေဘိုခရိုင် အမှတ် (၂) တပ်ရင်း ထံလက်နက်ချခဲ့သည်။
ဓာတ်ပုံ-အမှတ် (၁) စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲ