တူမီးသေနတ်နှင့် တော်လှန်ရေးအစပြုခဲ့သည့် ချင်းဒေသတွင် တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာရာ လက်နက်စက်ရုံများတည်ရှိသော မကွေးတိုင်း၏ စစ်ရေးအခြေအနေလည်း ပြောင်းလဲလာနိုင်သည်။
အာဏာသိမ်းမှု လေးနှစ် ကြာလာချိန်တွင် စစ်ကောင်စီက နိုင်ငံအနောက်မြောက်ပိုင်း တောင်တန်းဒေသ ချင်းပြည်နယ်ရှိ မြို့များ၏ ထက်ဝက်ကျော်ကို လက်လွှတ်လိုက်ရပြီးနောက် ကျန်ရှိနေသေးသည့် မြို့နယ်များတွင်လည်း တော်လှန်ရေး အင်အားစု၏ ထိုးစစ်နှင့် ဆက်လက် ရင်ဆိုင်ရမည့်အခြေအနေ ဖြစ်လာသည်။
၉ မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် တောင်ပိုင်းရှိ မင်းတပ်၊ ကန်ပက်လက်၊ မတူပီမြို့နယ်တို့ကို ချင်းညီနောင် (Chin Brotherhood) က သိမ်းထားသည်၊ ရခိုင်ပြည်နယ်နှင့်ထိစပ်နေသည့် အစွန်ဆုံး ပလက်ဝမြို့ကို ချင်းညီနောင်၏မဟာမိတ်ဖြစ်သည့် အာရက္ခတပ်တော် (AA) က သိမ်းထားသည်။
ပြည်နယ်မြောက်ပိုင်းရှိ တွန်းဇံမြို့နယ်မှာ သက်တမ်းရင့်ချင်းတော်လှန်ရေးအဖွဲ့ ချင်းအမျိုးသားတပ်ဦး (CNA) ဦးဆောင်သည့်၊ ချင်းတော်လှန်ရေး အင်အားစု များဖြင့် စုဖွဲ့ထားသည့် ချင်းပြည်ကောင်စီ (Chinland Council) က ထိန်းချုပ်ထားသည်။
ပြည်နယ်မြို့တော် ဟားခါး၊ ကပ်လျက်ရှိ ထန်တလန်၊ ဖလမ်း နှင့်တီးတိန်တို့တွင် စစ်ကောင်စီတပ်များက မြို့ပေါ်တွင် တပ်စွဲထားဆဲဖြစ်ပြီး တော်လှန်ရေးအင်အားစုက ကျေးလက်ဒေသများကို တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားသည်။
ပြည်နယ်အတွင်း ဒေသအများစုမှာ တော်လှန်ရေးအင်အားစု၏လက်အောက်သို့ ရောက်နေပြီဟု
ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ၎င်းတို့၏ ဇန်နဝါရီ ၃ ရက်နေ့ တင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
“ချင်းပြည်မှာရှိတဲ့ အရေအတွက်အားဖြင့်ဆိုရင် ၈၀ ရာခိုင်နှုန်း၊ ၈၅ ရာခိုင်နှုန်းတော့ လုံးဝ လွတ်မြောက်သွားပြီ” ဟု
စစ်တပ်ထိန်းချုပ်ဒေသ တိုက်ပွဲများ
နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသည့်၊ ချင်းတော်လှန်ရေးအဖွဲ့များနှင့် စုစည်းထားသည့် ချင်းညီနောင်အဖွဲ့မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၀ ရက် နေ့တွင် ဖလမ်းမြို့နှင့် မင်းတပ်မြို့သိမ်းစစ်ဆင်ရေး တစ်ပြိုင်တည်းစတင်ခဲ့ကြသည်။
ချင်းညီနောင်အဖွဲ့တွင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ် အုပ်ချုပ်ရေးကောင်စီ၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ (ကန်ပက်လက်)၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ (မတူပီ) တပ်မဟာ ၁ တို့ ပါဝင်သည်။ မရာနယ်သည် ချင်းပြည်နယ် ပလက်ဝနှင့် လိုင်ပီမြို့ဒေသများကို ဆိုလိုသည်။
စစ်တပ်အာဏာသိမ်းပြီးလပိုင်းအတွင်းမှာပင် မင်းတပ်မြို့တွင် လူငယ်များက အမဲလိုက်တူမီးသေနတ်ဖြင့် စတင်တော်လှန်ခဲ့ကြပြီး စစ်ကူတက်လာသည့် စစ်ကြောင်းမှ ကားများကိုလည်း ကြားဖြတ်တိုက်ခိုက် တားဆီးနိုင်ခဲ့ကြသည်။ ထို့နောက် ယမန်နှစ် နှစ်ကုန်ပိုင်းတွင် မြို့ကိုအပြီးသတ်သိမ်း ပိုက်နိုင်ရေးထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
စစ်တပ်ကလည်း မြို့ကို လက်မလွှတ်ရရေး လေကြောင်းမှ အပြင်းအထန်ခုခံတိုက်ခိုက်သည့်ကြားမှ ချင်းညီနောင်အဖွဲ့က ဒီဇင်ဘာ တတိယပတ် တွင် မြို့ကို အပြီးသတ်သိမ်းပိုက်လိုက်သည်။ မင်းတပ်မြို့ကျပြီးချိန်တွင် ကပ်လျက်ရှိ ကန်ပက်လက်မြို့မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာလည်း မကွေးတိုင်း၊ ယောဒေသသို့ ဆုတ်ခွာသွားရာ မြို့ကို ထိုမြို့ကို ထိန်းချုပ်လိုက်သည်။
ဖလမ်းမြို့တိုက်ပွဲ
ချင်းညီနောင် စစ်ဆင်ရေး အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ မြို့နေရာအများစုကို တော်လှန်ရေးအင် အားစုများက ထိန်းချုပ်ထားပြီးဖြစ်သော်လည်း အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးဆင်နေဆဲဖြစ်သည်။ မြို့ပေါ်ရှိ ထွေအုပ်ရုံး၊ ရဲစခန်း၊ ဆောက်လုပ်ရေးရုံးစသည့် အခိုင်အမာ ခြေကုပ်ယူထားသည့်နေရာများကို ရက်ပိုင်းအတွင်း မှာပင် ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးရမိခဲ့သည်။
ဖလမ်းမြို့တွင် အသည်းအသန် ခုခံနေရစဉ် စစ်တပ်က လေကြောင်းပစ်ကူ ရရှိခဲ့သည့်နည်းတူ စစ်ကူ ၁၀၀ ကျော်လည်း လေကြောင်းမှ ရောက်လာသည်။ ထိုစစ်ကူများကိုလည်း ဒေသတော်လှန်ရေးအင်အားစုက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်၊ နောက်ဆုံးလက်ကျန် အခြေစိုက်စခန်းဖြစ်သည့် အမှတ် ၂၆၈ တပ်ရင်းကို အပြီးသတ် သိမ်းပိုက်နိုင်ရန် ကြိုးပမ်း နေဆဲဖြစ်သည်ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ ကပြောသည်။
“တပ်ကုန်းကလွဲပြီး တခြားဟာတော့ ကျွန်တော်တို့လက်ထဲမှာရှိပါတယ်” ဟု ဆလိုင်းတင်မီက ပြောသည်။
မြို့အနောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ဆူရ်ဘုန်းလေယာဉ်ကွင်းကိုလည်း တော်လှန်ရေးအင်အားစုက ယမန်နှစ်ကပင် ထိန်းချုပ်ထားခဲ့ပြီးဖြစ်သည်။
ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်ဖြစ်သည့် ဆူရ်ဘုန်လေဆိပ်ကို ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက်တွင် စတင် တည်ဆောက်ခဲ့သည်။ ထိုလေဆိပ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ချင်းအမျိုးသားနေ့တွင် ဖွင့်လှစ်ရန် စီစဉ်ခဲ့သော်လည်း အာဏာသိမ်းမှုကြောင့် ဖွင့်ပွဲမပြုလုပ်နိုင်ခဲ့ပေ။
ဟားခါးမြို့တိုက်ပွဲ
ဖလမ်းမြို့တောင်ဘက် မိုင် ၄၀ ခန့်အကွာရှိ အခြေချ စစ်ဗျူဟာရှိရာ ပြည်နယ်မြို့တော် ဟားခါးတွင်လည်း စစ်တပ်က မြို့ပေါ် တွင်သာ ထိန်းချုပ်ထားပြီး ချင်းတော်လှန်ရေးအင်အားစုက ခြုံခိုတိုက်ခိုက်နေကြသည်။
၂၀၂၄ ခုနှစ် ဇူလိုင်လက ချင်းတော်လှန်ရေးအင်အားစုက ဟားခါးမြို့ မ ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက် ခိုက်ပြီး ထိုနေရာတွင် အကျဉ်းချခံထားရသည့် CDM ဝန်ထမ်းများအပါအဝင် နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့သည်။
ဟားခါးမြို့နှင့် ထန်တလန်မြို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်းတလျှောက် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေး အင်အားစုက ဒီဇင်ဘာလဆန်းပိုင်းက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထိုလမ်းပိုင်းကို နယ်မြေစိုးမိုးထားသည်။
ထန်တလန်မြို့ အခြေအနေ
နှစ်နှင့်ချီ မြို့လုံးကျွတ်စစ်ဘေးရှောင်နေရပြီး မြို့ပျက်နီးပါးဖြစ်နေသည့် ထန်တလန်တွင် စစ်တပ်က လူနေအိမ်များတွင် ခြေကုပ်ယူတပ်စွဲထားသလို ပြီးခဲ့သည့်လပိုင်းကပင် လက်နက်ကိုင် ၁၀၀ ကျော် စစ်ကြောင်းထိုးပြီး အင်အား ဖြည့်တင်းထားသည်။
သတင်းများတွင် ထန်တလန်မြို့နှင့် ချင်းပြည်နယ်အတွင်း ဖြစ်ရပ်များအကြောင်း တွေ့ရခဲသည်။ ချင်းပြည်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလ်က ထန်တလန်တွင်လည်း တိုက်ပွဲများ ရှိနေသည်ဟု ပြောသည်။
“လက်ရှိတော့ တိုက်ပွဲကတော့ ခပ်စိတ်စိတ်တော့ရှိတယ်။ သို့သော် စစ်ကောင်စီတွေ နေရာယူထားတဲ့နေရာကို ဒီအတိုင်းပဲ အနီးကပ် စောင့်ကြည့်နေတဲ့ အနေအထားပဲရှိတယ်။ မသိမ်းနိုင်သေးဘူး”ဟု သူက ရှင်းပြသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ ကျော်ရှိ ထန်တလန်မြို့သည် နှစ်ဘက်စလုံးအတွက် အချက်အချာကျသည့် မြို့ဖြစ်သည်။ ချင်းအမျိုးသားတပ်ဦး၏ ဌာနချုပ် နှင့် အနီးဆုံးရှိသည့် မြို့ဖြစ်ပြီး စစ်တပ် အတွက်ဆိုပါက ဟားခါးမြို့ မကျစေရေးအတွက် ထန်ထလန်မြို့ကို နယ်မြေစိုးမိုးထားနိုင်ရေးမှာ အရေးကြီးသည်။
“ရစရာမရှိတဲ့မြို့တစ်ခုကို စစ်ကောင်စီကဒီလောက်ထိ အသည်းအသန် ကာကွယ်နေတယ်ဆိုတည်းက စစ်ရေးအရ ထန်တလန်မြို့က အရေးပါတဲ့နေရာဖြစ်တဲ့အတွက် ဟားခါးနဲ့ထန်တလန် တခြား ချင်းပြည်တစ်ခုလုံးအတွက် ကာကွယ်နေတယ်လို့ပဲ သုံးသပ်ပါတယ်”ဟု ဆလိုင်းပေါလ်က ဆိုသည်။
ထို့ပြင် မြောက်ပိုင်းရှိ တီးတိန်မြို့ပေါ်တွင် ယမန်နှစ် ဇူလိုင်လက တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ငြိမ်သက်သွားသည်။ စစ်တပ်က အမှတ် ၂၆၈ တပ် တီးတိန်အခြေစိုက် တပ်ကုန်းတွင်သာ နေရာယူထားပြီး ပြင်ပထွက်လာနိုင်ခြင်းမရှိဟု ချင်းညီနောင်အဖွဲ့ဝင် PDF Zoland တော်လှန်ရေးတပ်က ဆိုသည်။
၂၀၂၅ ခုနှစ်အတွက် လွတ်မြောက်ရေး မျှော်လင့်ချက်
ချင်းပြည်နယ်တွင် စစ်ကောင်စီ ကင်းစင်ရေး ရည်မှန်းချက်မှာ အောင်မြင်မှုရခဲ့ပြီး ယခုနှစ်ထဲ ဆက်လက်လုပ်ဆောင်သွားမည်ဟု ချင်းပြည်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလ်က ဆိုသည်။
ချင်းတော်လှန်ရေးအင်အားစုက နိုင်ငံအနောက်မြောက်ဘက် နယ်မြေအများအပြားကို စိုးမိုးထိန်းချုပ်လိုက်ပြီး စစ်တပ်ကို တိုက်ခိုက်နိုင်ခြင်းမှာ ထိရောက်သည့် စစ်ရေးတာဝန်များကို ကွပ်ကဲနိုင်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ယာယီ သမ္မတ ဒူဝါလရှီးလက ပြောသည်။ ဒီဇင်ဘာ ၃၀ ရက်နေ့က ကျရောက်သည့် ချင်းညီနောင်ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အခမ်းအနား မိန့်ခွန်းတွင် ပြောခြင်းဖြစ်သည်။
ချင်းတော်လှန်ရေးအင်အားစုအနေဖြင့်လည်း မဟာမိတ်များနှင့်အတူ ဆက်လက် လက်တွဲ တိုက်ပွဲဝင်သွားမည်ဟု ချင်းညီနောင် စစ်ဦးစီးချုပ် ထန်းချွန်းဖေက ပြောသည်။
သို့သော်လည်း ချင်းဒေသတွင်သာ တော်လှန်ရေးအားကောင်းနေရုံနှင့် မလုံလောက်ဟု သူက မှတ်ချက်ပြုသည်။
“ချင်းဒေသက ဘယ်လောက်ပဲကောင်းနေပါစေ တနိုင်ငံလုံးမှာ ရှိတဲ့ အင်အားစုတွေနဲ့ဟန်ချက်မညီဘူး၊ ကိုယ့်သဘောကိုယ်ဆောင်ပြီးတော့ ကိုယ်ကြိုက်ရင် (ကိုယ်တိုက်ချင်ရင်) တိုက်မယ်၊ မကြိုက်ရင်မတိုက်ဘူးဆိုတဲ့ပုံစံနဲ့ သွားနေရင်တော့ တနိုင်ငံလုံး လွတ်မြောက်ဖို့ဆိုတာကလည်း နည်းနည်းအလှမ်းဝေး နေဦးမယ်” ဟု ထန်းချွန်းဖေက ဇန်နဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
“ကျွန်တော်တို့ဒေသလွတ်မြောက်ရုံနဲ့ ကျွန်တော်တို့က ဒီအတိုင်း အေးဆေးနေမှာ မဟုတ်ပါဘူး။ သက်ဆိုင်ရာအားလုံး အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့မှ အားလုံးလွတ် မြောက်ဖို့အတွက်လည်း တစ်ထောင့်တစ်နေရာကနေ ကျွန်တော်တို့ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍကနေ ပူးပေါင်းပါဝင်ပြီးတော့မှ ဆက်ပြီးတော့ တော်လှန်အင်အားစုတွေနဲ့ လက်တွဲသွားဖို့ရှိပါတယ်”
ပလက်ဝ၊ မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက် တို့ကို ရခိုင်နှင့်ချင်းတော်လှန်ရေး အင်အားစုက ထိန်းချုပ်လိုက်ပြီးနောက် ချင်းတောင်ပိုင်းတွင် စစ်ကောင်စီတပ် ကင်းစင်သွားရာ နယ်မြေချင်းထိစပ်နေသည့် မကွေးတိုင်းတွင်လည်း တိုက်ပွဲကြီးများ ပေါ်ပေါက်လာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။
AA လက်အောက် ရောက်သွားသည့် တိုင်းစစ်ဌာနချုပ်အနီးရှိ ငဖဲမြို့နယ်၊ ပဒါန်းရွာကြီးအထိ တော်လှန်ရေးအင်အားစု အနှေးနှင့်အမြန် ထိုးဖောက်လာဖွယ် ရှိသည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ခန့်မှန်းသည်။
“ချင်းတောင်နဲ့ဆက်စပ်နယ်မြေဖြစ်တဲ့ ရခိုင်နဲ့ကြား တြိဂံလိုကြားထဲကတဆင့် ပဒါန်းဘက်ထိ ထိုးဖောက် ဝင်ရောက် လာနိုင်တဲ့ အနေအထားမျိုးတွေကို မြင်နေရပြီဖြစ်ပါတယ်” ဟု သူက ဆိုသည်။
“တဖြည်းဖြည်းနဲ့စီးနင်းတိုက်ခိုက်တာ ထက် စိမ့်ဝင်ပြီးတော့ ခြေကုပ်ယူမယ့်ကာလမျိုးလေးတွေကိုတော့ စောင့်ကြည့်ရမယ့်အနေအထားမျိုးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ၂၀၂၅ မှာတင် လျင်လျင်မြန်မြန်နဲ့ တွေ့မြင်ရမယ်လို့ သုံးသပ်ရပါတယ်”
စစ်တပ်၏လက်နက်စက်ရုံ ၂၅ ခုအနက် ၁၅ ခုမှာ မကွေးတိုင်းတွင် တည်ရှိခြင်းကြောင့်လည်း ထိုဒေသသည် နိုင်ငံအနှံ့ တပ်များသို့ လက်နက်ခဲယမ်း အဆက်မပြတ် ပို့ဆောင် ဖြည့်တင်းနေရသည့် စစ်ကောင်စီတပ်အတွက် မရှိမဖြစ် အရေးပါသော ဒေသ ဖြစ်နေသည်။
Myanmar Now