လူထက်နိုင်၊ နိရဥ္စာ ၊ဇန်နဝါရီ ၁၆/၂၀၂၅
ရခိုင်ပြည်မြို့တော် စစ်တွေမြို့ပြင်ရှိ ရခိုင်ရိုးရာရက္ကန်းလုပ်ငန်းနဲ့ နာမည်ကျော်ကြားတဲ့ ဝါဘိုကျေးရွာကို အာရက္ခတပ်တော် (AA)က ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပြီးနောက်မှာ အဲဒီကျေးရွာကို ဒီကနေ့ မနက်က စစ်ကောင်စီမှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ချို့ထံကနေ သိရပါတယ်။
![](https://atozdaily.com/wp-content/uploads/2025/01/473710.jpg)
ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက“ဝါးဘို၊ ညိုရောင်ချောင်း၊ ကံ့ကော်ကျွန်းဘက်မှာ အေအေက စိုးမိုးထားပြီး အင်အားလည်းများတယ်။ သိရသလောက် ထိုးစစ်စပြီလို့တောင်ပြောလို့ ရမယ်ထင်တယ်။ ပုဏ္ဏာကျွန်းနဲ့ စစ်တွေကြားကစပြီး တပ်ဖြန့်ပြီး ထိုးစစ်စနေတာပါ။ ဝါဘိုရွာက စစ်ကောင်စီခံစစ်နေရာ တချို့ကို ဒီနေ့ အေအေက ရထားတယ်လို့ သိရတယ်” လို့ပြောပါတယ်။
ဝါဘို၊ ညိုရောင်ချောင်း၊ ကံ့ကော်ကျွန်းတို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် ထိတွေ့ပစ်ခတ်မှု တချို့ရှိခဲ့ပြီး ဝါဘိုကျေးရွာရှိ စစ်ကောင်စီရဲ့ ခံစစ်နေရာတချို့ကို အာရက္ခတပ်တော်က ထိန်းချုပ်လိုက်တာကြောင့် ဒီကနေ့ ဇန်နဝါရီ ၁၆ ရက် မနက် ၃ နာရီခန့်က ဂျက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ရေးသတင်းရင်းမြစ်က စစ်တွေထိုးစစ်စနေပြီဖြစ်တယ်လို့ ပြောဆိုပေမယ့် နိရဉ္စရာသတင်းဌာန အနေနဲ့ AA ပြောခွင့်ရသူ ဦးခိုင်သုခအား မေးမြန်းလို့ မရသေးတဲ့အတွက် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။
![](https://atozdaily.com/wp-content/uploads/2025/01/47388.jpg)
(ဓာတ်ပုံ- စစ်တွေမြို့တွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ်/ပုံဟောင်း)
Narinjara